ဧရာဝတီတိုင်းမ်
ဇွန် ၁၄ရက်
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့အခြေစိုက် ရွေးတုအစိုးရစစ်တပ်၏ အဓိကအခြေစိုက်စခန်းကြီး ဖြစ်သော ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အား အာရက္ခတပ်တော် (AA) က ဝိုင်းရံညှပ်ပိတ်၍ ဗျူဟာမြောက် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြေပြင်တိုက်ပွဲများ ပြင်းထန်နေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။
AA တပ်ဖွဲ့များသည် စစ်တွေ ဒကစ အနီးရှိ နာရီကန်ကျေးရွာအထိ စိမ့်ဝင်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့အထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို စစ်တွေမြို့နားအထိ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန် ၁၂ရက်နေ့အထိ ဒကစအနီး နာရီကန်ကျေးရွာအထိ AAတပ်ဖွဲ့များ စိမ့်ဝင်တိုက်ခိုက်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်အသံများပါ မြို့အနီးထိကြားနေရကြောင်း သိရသည်။

ထို့ပြင် သက္ကေပြင် ဒကစ၏ တစ်ဖက်ကမ်းရှိ ကံ့ကော်ကျွန်းပေါ်မှ စစ်တပ်စခန်းများကိုလည်း AA က လက်နက်ကြီးများဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်နေသဖြင့် ဒကစ အတွင်းရှိ မိသားစု ဝင်များကို မြို့တွင်းသို့ အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။
လတ်တလောတွင် အဓိကကျသည့် နာရီကန်တံတားကို AA က ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေပြီး ၎င်းတံ တားကို ထိန်းချုပ်နိုင်ပါက ပါဒလိတ်ဘက်မှ တပ်များကိုပါ လမ်းကြောင်း ဖြတ်တောက် သွားနိုင်မည် ဖြစ်သည်။
“အဓိကဌာနချုပ်ဖြစ်တဲ့ စစ်တွေ ဒကစကို ကံ့ကော်ကျွန်းနဲ့ နာရီကန် နှစ်ဘက်ညှပ်ပြီး AA က တိုက်စစ်ဆင်နေတာပါ။ အခု တိုက်ပွဲဖြစ်နေတဲ့ နာရီကန်တံတားရဲ့ တစ်ဖက်မှာ ဒကစ ရှိပြီး၊ တစ်ဖက်မှာ ကျောက်တန်းတံတားနဲ့ နာရီကန်တံတားမှာ အခြေစိုက်တဲ့ စစ်အင်ဂျင်နီယာတပ်ရင်း စအရ-၉၀၈ ရှိပါတယ်။ အကယ်၍ နာရီကန်တံတားသာ ကျိုးသွားရင် ကြွီတဲမြစ်ဝဘက်ခြမ်းက စစ်တပ်တပ်ရင်း လေးရင်းနဲ့ စအရ-၉၀၈ ပါ လုံးဝ အဆက်အသွယ် ပြတ်တောက်သွားတော့မှာ ဖြစ်ပါတယ်” ဟု CDMဗိုလ်ကြီး ဇင်ယော်က ပြောသည်။
သို့သော် ပါဒလိတ်တပ်ရင်းများမှာ လက်ရှိတွင် လက်နက်ကြီးများဖြင့် ကြွီတဲမြစ်ဝကို စိုးမိုးထားဆဲ ဖြစ်ကြောင်း သိရသည်။
မြေပြင်တွင် စစ်ရေးအရ အထိနာနေသည့် ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့က ကမ်းထိုး ရေယာဉ်များဖြင့် သယ်ယူလာသည့် သံချပ်ကာယာဉ်များကို စစ်တွေမြို့ပေါ်သို့ အင်အား ဖြည့်တင်းခဲ့ပြီးနောက် ၎င်းသံချပ်ကာယာဉ်များဖြင့် မြို့တွင်း၌ စစ်ရေးအင်အားပြ မောင်းနှင်လှည့်လည် မှုများ ပြုလုပ်၍ ခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
ထို့ပြင် စစ်တပ်သည် စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ-၃၄၃ ရှိ စစ်လက်နက်ခဲယမ်းများ၊ ဗုံးသီးများနှင့် လက်နက်ကြီးကျည်များကို ပြီးခဲ့သည့် ဧပြီလကတည်းက ဒကစရှေ့ရှိ အထက (၆) စာသင်ကျောင်း အတွင်းသို့ ကြိုတင်ရွှေ့ပြောင်း သိုလှောင်ထားပြီး၊ အရပ်သားပြည်သူများကို လူသား တံတိုင်းအဖြစ် အသုံးပြုရန် ကွန်မန်ဒိုတပ်သားများဖြင့် အသေအချာ စောင့်ကြပ်ခိုင်း ထားကြောင်း စစ်ရေးသတင်းရင်း မြစ်များထံမှ သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)