ဧရာ၀တီတိုင်းမ်
ဇွန် ၁၄ ရက်
အာဏာသိမ်းစစ်အုပ်စု၏ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး လာမည့် ဇွန်လ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကျင်းပရန် စီစဉ်နေသည့် “မဲခေါင်ခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ ” ကို ပြတ်ပြတ်သားသား ကန့်ကွက်သပိတ်မှောက်ကြရန် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေ သည့် ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း ၈၇ ဖွဲ့က ပူးတွဲအိတ်ဖွင့်ပေးစာ ထုတ်ပြန်၍ တောင်းဆို ထားသည်။
ပူးတွဲတောင်းဆိုချက်များ ပါဝင်သည့် အဆိုပါအိတ်ဖွင့်ပေးစာကို ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့ ရက်စွဲဖြင့် မဲခေါင်ခရီးသွားလာရေး ညှိနှိုင်းမှုဗဟိုရုံး (MTCO) နှင့် “မဟာမဲခေါင်ဒေသခွဲ (GMS) နိုင်ငံများ၏ အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်းများထံသို့ တိုက်ရိုက် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ခရီးသွားလာရေးကဏ္ဍသည် စီးပွားရေးသက်သက်မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ၏ ပုံရိပ်နှင့် နိုင်ငံတကာ သံတမန်ရေးရာ ကိစ္စရပ်များတွင် အလွန်အရေးပါသဖြင့် ယခုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုနှင့် ပူးတွဲကျင်းပသည့် ဖိုရမ်များသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက် နေသော အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုပေးရာ ရောက်ရှိသွားနိုင်ကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။
“၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စုဟာ အရပ်သားတွေအပေါ် လေကြောင်းကနေ ဗုံးကြဲတာ၊ မတရားဖမ်းဆီးတာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ စတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကို ဆက်တိုက်ကျူးလွန်နေတာပါ။ ဒီလို အကျပ်အတည်းတွေကြားကနေ စစ်ကောင်စီဟာ နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ရရှိဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်”ဟု အရပ်ဘက်အဖွဲ့များ၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် MTCO နှင့် GMS တို့အနေဖြင့် ယခုဖိုရမ်ကို အရေးပေါ် ပြန်လည်သုံးသပ်ရန်၊ ဒေသတွင်း အစိုးရများ၊ အလှူရှင်အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက ခရီးသွားလုပ်ငန်းရှင်များအနေဖြင့် ဤဖိုရမ်တွင် ပါဝင်ခြင်းနှင့် ပံ့ပိုးကူညီခြင်းများကို လုံးဝရှောင်ကြဉ်ရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။
ထို့ပြင် မည်သည့်ခရီးသွားလုပ်ငန်းမျိုးမဆို မြန်မာပြည်သူလူထု၏ ဆန္ဒ၊ ဘေးကင်းလုံခြုံမှုနှင့် မထိခိုက်၊ မနစ်နာစေရ “Do No Harm ” ဆိုသည့် အခြေခံမူများအပေါ်တွင်သာ အခြေခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အဆိုပါ ပူးတွဲအိတ်ဖွင့်ပေးစာတွင် သွေးစွန်းငွေကမ်ပိန်း၊ ရန်ကုန်၊ မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ သပိတ်အင်အားစုများ၊ ကချင်၊ ချင်း၊ တာအာင်း၊ ရိုဟင်ဂျာနှင့် နိုင်ငံတကာရောက် မြန်မာ့အရေး လှုပ်ရှားသူအဖွဲ့အစည်း ၅၆ ဖွဲ့ အပါအဝင် အမည်မဖော်လိုသည့် အဖွဲ့အစည်း ၃၁ ဖွဲ့ စုစုပေါင်း အရပ်ဘက်အဖွဲ့အစည်း ၈၇ ဖွဲ့က တရားဝင် လက်မှတ်ရေးထိုး တောင်းဆိုထားခြင်း ဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်