ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်
မန္တလေးတိုင်းဌာနချုပ်နယ်မြေအတွင်း မေလနှင့်ဇွန်လ ပထမပတ်တိုက်ပွဲများတွင် ရွေးတုအစိုးရ စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ် အောင်နိုင်ဦးနှင့် ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင်တို့ ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး ၁၈ ဦး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့ ဇွန် ၁၄ ရက်တွင် ထုတ်ပြန်သည်။
မေလနှင့် ဇွန်လပထမပတ်အထိ တစ်လကျော်အတွင်း မန္တလေးတိုင်းစစ်ဌာန စစ်ဆင်ရေးနယ်မြေ အတွင်း ပြောက်ကျားတိုက်ပွဲ ၁၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်အုပ်စု ၁၈ ဦးသေဆုံးကာ ခြောက် ဦးဒဏ်ရာ ရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ဆိုသည်။
အဆိုပါ ပြောက်ကျားတိုက်ပွဲများအတွင်း အမှတ် (၁၃) တပ်မတော်တန်းမြင့် လေ့ကျင့်ရေး ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်နိုင်ဦး လိုက်ပါလာသည့် ယာဉ်တန်းအား ခြုံခိုတိုက်ခိုက်ရာတွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင်မှာ ကချင်ပြည်နယ်၊ ရွှေကူမြို့သို့ ထိုးဖောက်ချီတက်စဉ် ဇွန် ၉ ရက်က ပိတ်ဆို့တိုက်ခိုက်ခံရ၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရသွားသည့် အမှတ် (၄) လေကြောင်းချီ တပ်မဟာ ကွပ်ကဲမှူးဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင်နေရာ အစားထိုး တာဝန်ယူသည့် ဒုတပ်မဟာမှူးနှင့် ဒရုန်းတပ်ဖွဲ့လည်း ခြုံခိုတိုက်ခိုက် ခံရပြီး ထပ်မံ ဒဏ်ရာရရှိသွားကြောင်း PDF စစ်ရုံးချုပ်ထံမှ သိရသည်။
ထို့အပြင် ထီးချိုင့်မြို့နယ်အတွင်း စစ်ဆင်ရေးလုပ် ဆောင်နေသည့် အမှတ်(၄)ခြေလျင်တပ်ရင်း (ခလရ -၄) တပ်ရင်းမှူး ဗိုလ်မှူးနေအောင်ထွန်းနှင့် တပ်ကြပ်အောင်ဇော်ဇော်တို့ကိုလည်း စစ်ဆင်ရေးနယ်မြေ အတွင်း သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း စစ်ရုံးချုပ်ကဖော်ပြထားသည်။
စစ်တပ်အနေဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သိမ်းပိုက်ထားသည့် မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာ၌ ဗျူဟာအဆင့်အခြေပြု၍ ရွှေကူမြို့နယ်သို့ မတ်လဆန်းကစတင်၍ အင်အားရာချီ အသုံးပြုကာ ထိုးစစ်ဆင်လာသည့်အတွက် KIA ပူးပေါင်းတပ်များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ဇွန် ၄ ရက်တွင် ရွှေကူမြို့သို့ ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
စစ်အုပ်စုတပ်ဖွဲ့များ ရွှေကူမြို့သို့ ဝင်ရောက်လာပြီးနောက် ဇွန်လ ၈ ရက်တွင် ရွှေကူမြို့ပေါ်မှ အရပ်သားများ တိမ်းရှောင်ကြရန်နှင့် ရွှေကူမြို့အဝင်လမ်းမကြီးနှင့် ရွှေကူ-ငါးအိုးလမ်းပိုင်းအား ရက်အကန့်အသတ်မရှိ သွားလာ ခွင့် ပိတ်ပင်လိုက်ကြောင်း KIA တပ်မဟာ (၁၁)၊ တပ်ရင်း (၁၂) က သတိပေး ကြေညာခဲ့သည်။
အလားတူ မြင်းခြံခရိုင်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတင်လာသော ယာဉ်နှစ်စီး မီးလောင်ပေါက်ကွဲမှုကြောင့် စစ်သား ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ-PDF စစ်ရုံးချုပ်၊