‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၄ရက်

‎‌ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦးရေတပ်စခန်းအနီး တိုက်ပွဲတွင် ရွေးတုအစိုးရစစ်တပ် စစ်ကြောင်းလိုက်ပြုတ်သွားပြီး ကျန်ဖြန့်ခွဲထွက်သည့် စစ်ကြောင်းများပါ ‌‌ယာယီ နောက်ဆုတ်သွား ကြောင်း သိရသည်။

‎တောင်မော်ဦးရေတပ်ကို အာရက္ခတပ်တော် (AA) ကထိုးစစ်ဆင်တိုက်ခိုက်လာသည့်အတွက် ရေတပ်မှ အနီးဝန်းကျင်ကို တပ်ဖြန့်ရန်ကြိုးစားလာသည့် စစ်တပ်စစ်ကြောင်း သုံးကြောင်းသည် ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့တွင် တိုက်ခိုက်ခံရပြီး မျက်မြင် ၂၀ ခန့်သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းများမှ သိရသည်။

‎”စစ်ကြောင်း သုံးကြောင်းဖြန့်ပြီး သူတို့ တက်လာတာ ဇွန် ၈ နေ့ရက်က။ တစ်ကြောင်းက အဝတောင် နားမှာ ကစဉ့်ကလျားနဲ့ ပြုတ်သွားတော့ ကျန်တဲ့စစ်ကြောင်းတွေလည်း ခဏတော့ တန့်သွားတယ်” ဟု ကျောက်ဖြူဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ရွေးတုအစိုးရစစ်တပ်၏ တောင်မော်ဦးရေတပ်စခန်း ကာကင်းများ ဇွန်လ ပထမပတ်အတွင်း သိမ်းဆည်း ခံလိုက်ရပြီးနောက် ဇွန် ၈ရက်နေ့တွင် စစ်တပ်က စစ်သင်္ဘော သုံးစင်း ဖြင့် အင်အားများ ထပ်မံဖြည့်တင်းခဲ့ပြီး စနဲမြို့ကို ရည်ရွယ်၍ ပြန်လည် ကမ်းတက်နိုင်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

‎တောင်မော်ဦးရေတပ်နှင့် စနဲမြို့အနီး မေ ၂၈ မှ မေ ၃၁ရက်အတွင်း တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၄၀ခန့်သေဆုံးကာ ဇွန် ၆ ရက်တိုက်ပွဲတွင်လည်း စစ်တပ်ဘက်မှ တပ်ဖွဲ့ဝင် ၁၀ ဦးကျော် ထပ်မံ သေဆုံးခဲ့သည်။

အဆိုပါ ‎ရေတပ်စခန်းအတွင်းသို့ တပ်မ (၁၁) လက်အောက်ခံ ခမရ ၂၁၂၊ ခမရ ၂၁၃၊ ခမရ ၂၁၉ တပ်ရင်းများအပြင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ပျက်များလည်း စုပေါင်း ပို့ဆောင်ခြင်းခံ ထားရသည်။

ဓာတ်ပုံ-AA Info Desk