ORLANDO, FLORIDA - JUNE 10: Players of England pose for a team photo prior to the International Friendly match between England and Costa Rica at Inter&Co Stadium on June 10, 2026 in Orlando, Florida. (Photo by Rich Storry/Getty Images)

ဧရာ၀တီတိုင်းမ်
ဇွန် ၁၄ ရက်

 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေးပ်စ္စည်းတွေကို ဖလော်ရီဒါပြည်နယ်ကနေ မဥ္ဇူရီပြည်နယ်ကို ပြောင်းရွှေ့သယ်ယူစဥ် ဇွန်လ ၁၃ ရက်ညပိုင်းမှာ ဖောက်ထွင်း ခိုးယူခံရမှု ဖြစ်ပွားခဲ့ပါတယ်။

 

အင်္ဂလန်အသင်းဟာ အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ကြိုတင်လေ့ကျင့်ရေးစခန်းကနေ မဥ္ဇူရီပြည်နယ်၊ ကန်းဆက်စီးတီးမြို့ကို လေ့ကျင့်ရေးပစ္စည်းတွေကားနဲ့ပို့ဆောင်ရာမှာ ပြစ်မှုကျူးလွန်သူတွေက ကားကိုဖောက်ထွင်းခိုးယူခဲ့တာ ဖြစ်ပါတယ်။

 

တရားရုံးမှတ်တမ်းတွေအရ ခိုးယူခံခဲ့ရတဲ့ပစ္စည်းတွေထဲမှာ ဘောလုံးကန်ဖိနပ် ၄ ရံ၊ ဘောလုံးတစ်လုံး၊ ဂိုးသမားလက်အိတ်တစ်စုံ၊ လေ့ကျင့်ရေးဝတ်စုံများနဲ့ ကစားသမားတွေလက်မှတ်ရေးထိုးထားတဲ့ အင်္ကျီ ၃ ထည်တို့ဖြစ်ပြီး ပျောက်ဆုံးပစ္စည်းတန်ဖိုး ဒေါ်လာ ၁၈,၀၀၀ ကျော်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါအမှုကို ကန်းဆက်စီးတီးရဲတပ်ဖွဲ့က စုံစမ်းနေပြီး သံသယရှိသူအမျိုးသား ၂ ဦးကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သလို သူခိုးလက်ထဲပါသွားတဲ့ပစ္စည်းအများစု ပြန်လည်ရရှိခဲ့ကြောင်း သိရပါတယ်။

 

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကတော့ အသင်းရဲ့လေ့ကျင့်ရေးပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံခဲ့ရပေမယ့် ဇွန်လ ၁၈ ရက်နေ့မှာ ယှဥ်ပြိုင်ကစားမယ့် ခရိုအေးရှားနဲ့ပွဲစဥ်အပေါ် ထိခိုက်မှုမရှိကြောင်း အတည်ပြုထားပါတယ်။

 

၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ရေပန်းစားမှု အဆင့် ၃ မှာ ရပ်တည်နေတဲ့ နာမည်ကျော်အင်္ဂလန်အသင်းဟာ ဇွန် ၁၈ ရက်နေ့မှာ ခရိုအေးရှားအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဥ်အဖြစ် တက္ကဆက်ပြည်နယ်၊ အာလင်တန်မြို့က AT&T အားကစားကွင်းကြီးမှာ ယှဥ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

 

Ref – BBC Sport and Sky Sport