ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်

အမေရိကန်နဲ့ အီရန်တို့ကြား စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တစ်ခုကို ၂၄ နာရီအတွင်း အပြီးသတ်နိုင်ခြေရှိတယ်လို့ ကြားဝင်စေ့စပ်ပေးနေတဲ့ ပါကစ္စတန်နိုင်ငံက ပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှရစ်ဖ်က “ကျွန်တော်တို့ ငြိမ်းချမ်းရေး သဘောတူညီချက်ရဖို့ အရင်ကထက်ပိုပြီး နီးစပ်နေပြီ” လို့ ဇွန်လ ၁၃ ရက်က ၎င်းရဲ့ X စာမျက်နှာမှာ ရေးသားခဲ့ပြီး ၂၄ နာရီအ တွင်း အပြီးသတ်နိုင်ရင် အီလက်ထရွန်နစ်စနစ်နဲ့ လက်မှတ်ရေးထိုးဖို့ ပြင်ဆင်နေကာ လာမယ့်အပတ်မှာ နည်းပညာပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်လို့ ဆိုပါတယ်။

အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ်ဘာဂါရီက အမေရိကန်နဲ့ နား လည်မှုစာချွန်လွှာကို ဇွန်လ ၁၄ ရက် မှာ လက်မှတ်ထိုးဖြစ်ဖို့ မသေချာပေမဲ့ လာမယ့်ရက်ပိုင်းအတွင်း အစ္စလာမ္မာဘတ် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခြေရှိတယ်လို့ ပြောပါတယ်။

တစ်ဖက်က တွန့်ဆုတ်နေတာတွေရှိပြီး ညှိနှိုင်းမှုတွေက အပြောင်းအလဲရှိနိုင်လို့ ရက်စွဲအတိအကျ ပြောဖို့ သတိထားရမယ်လို့လည်း သူက ထည့်သွင်းပြောဆိုပါတယ်။

အီရန်က ၎င်းတို့အနေနဲ့ ယူရေနီယံ သန့်စင်ခွင့် ရှိရမယ်၊ ဟော်မုဇ် ရေလက်ကြားကို ဆက်ပြီး ထိန်း ချုပ်ခွင့်ရှိရမယ်လို့ ဇွတ်တရွတ် တောင်းဆိုနေတာကြောင့် အမေရိကန်ရဲ့ ကာလရှည်ကြာ သတ်မှတ်ထား တဲ့ အလျှော့မပေးနိုင်တဲ့အချက်တွေနဲ့ ကွဲလွဲနေတာပါ။

အမေရိကန် စစ်ဌာနချုပ် (CENTCOM) ရဲ့ ထုတ်ပြန်ချက်အရ အီရန်ဟာ ကုန်သွယ်ရေးသင်္ဘော တွေကို တိုက်ခိုက်ဖို့အတွက် အသေခံဒရုန်း အမြောက်အမြား လွှတ်တင်ခဲ့ပေမဲ့ အမေရိကန်တပ်ဖွဲ့တွေက အကုန်လုံးကို ပစ်ချလိုက်နိုင်ပြီး ရေလက်ကြားအတွင်း သင်္ဘောတွေ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ နိုင်ခဲ့ တယ်လို့ သိရပါတယ်။

အပြီးသတ်ဖို့ ပြင်ဆင်နေတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ အီရန်ကို အလေးသာစေပြီး မျက်နှာသာပေးထားတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဇွန်လ ၁၂ ရက် မှာ ငြင်းဆိုခဲ့ပါတယ်။

“အီရန်က သတင်းတု၊ သတင်းမှား မီဒီယာတွေဆီ ပေါက်ကြားအောင် လုပ်လိုက်တဲ့ သဘောတူညီ ချက် စည်းကမ်းချက်တွေဟာ ကျွန်တော်တို့ နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ စည်းကမ်းချက်တွေနဲ့ လုံးဝ မသက်ဆိုင်ပါဘူး” လို့ ၎င်းက လူမှုကွန်ရက် Truth မှာ ရေးသားခဲ့ပါတယ်။

ကိုးကား – TRT World
Ref; Pakistan sees US-Iran deal within 24 hours; Tehran says agreement unlikely on Sunday