‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၄ရက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ဇွန်လ ၁၃ ရက်နေ့က စတင်ကာ ယနေ့အထိ တိုက်ပွဲများ တစ်နေ့လုံး ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး၊ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့မှုများကြောင့် မြို့ခံ ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်ရာတွင် အလွန်ခက်ခဲကာ လမ်းခုလတ်မှ မြို့ထဲသို့ ပြန်လှည့် ဝင်နေရကြောင်း ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

‎ယမန်နေ့ ဇွန် ၁၃ ရက် နံနက်ပိုင်းမှစတင်၍ ညပိုင်းအထိ ရွှေကူမြို့၏ အထက် ၄ လမ်းဆုံနှင့် တော်လှန် ရွာဘက်တို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။ ထို့ပြင် ဇွန် ၁၂ ရက် ညနေ ၄ နာရီ၃၀ မိနစ်တွင်လည်း တော်လှန်ရွာအနီးသို့ စစ်တပ်ကလေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

‎”တော်လှန်၊ ပန်းတင်၊ ငါးဘတ်နဲ့ ၅လမ်းဆုံအထက်ဘက်မှာ တိုက်ပွဲနေ့တိုင်နီးပါးဖြစ်လာတယ်။ လမ်းဆုံ ဘက်က အိမ်တွေထိနေပြီး လမ်းသွားနေသူတွေပါ လက်နက်ကြီးထိနေတယ်” ဟု ရွှေကူ သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သည် ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က ရွှေကူမြို့ပေါ်ရှိ ပြည်သူ များအား ဘေးလွတ်ရာသို့ အမြန်ဆုံးထွက်ခွာကြရန် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး စစ်ဘေး ရှောင်ရမည့် လမ်းကြောင်းများကို ထည့်သွင်းဖော်ပြခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်တွင် အဆိုပါ ညွှန်ကြားထားသည့် လမ်းပိုင်းများ၌ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေသောကြောင့် အရပ်သားပြည်သူများအနေဖြင့် အထက်ဘက်လမ်းကို အသုံးပြု၍ မရတော့ ကြောင်း သိရသည်။

လက်ရှိတွင် ယခင်က ဖွင့်လှစ်ထားသည့် မန္တလေးလမ်းနှင့် ငါးအိုးဘက်သို့ သွားမည့် လမ်းပိုင်းကို အထွက်ဘက်မှ ပိတ်လိုက်ပြီဖြစ်သလို ရွှေကူ-ဗန်းမော်လမ်းကိုလည်း ပလောင်တောင်တက် တောင် ခြေမှ ရွေးတုအစိုးရစစ်တပ်ဘက်က ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။ ထို့ကြောင့် မြို့မှထွက်ခွာရန် ကြိုးပမ်းသူအချို့မှာ လမ်းခရီး ပိတ်ဆို့မှုများကြောင့် မြို့ထဲသို့ ပြန်လည်လှည့်ဝင်လာရသည့် ဖြစ်စဉ်များ ရှိနေသည်။

မြေပြင်စစ်ရေး အခြေအနေအရ KIA ဘက်က လမ်းပိုင်းအသုံးပြုသူများအနေဖြင့် “တော်လှန် – လမ်းကူး – စီသာ – မိုးကင့် – စီဖွား” လမ်းပိုင်းကိုသာ အသုံးပြုကြရန်နှင့် ပိတ်ပင်ထားသော လမ်းပိုင်းများသို့ သွားလာပါက နောက်ဆက်တွဲပေါ်လာမည့် ဘေးအန္တရာယ်များကို တာဝန်ယူမည်မဟုတ်ကြောင်း သတိ ပေးထားသည်။

ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့ကလည်း ငါးအိုးဘက်မှ တက်လာသည့် စစ်တပ်စစ်ကြောင်းနှင့် KIA တို့ ၅ လမ်းဆုံအနီးတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး နှစ်ဖက်တပ်များ ဒရုန်း၊ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။

အခြားတစ်ဖက်တွင်လည်း ရွေးတုအစိုးရစစ်တပ်သည် မိုးမိတ်ဘက်မှ စစ်ကူစစ်ကြောင်းများကို အရပ် သားပိုင် မော်တော်ယာဉ်များ အသုံးပြုကာ စေလွှတ်နေသည့်အပြင် ငါးအိုးအခြေစိုက် ခလရ (၁၂၁) အတွင်းမှလည်း စစ်ကြောင်း သုံးခုခွဲကာ ရွှေကူမြို့နယ်အတွင်းသို့ အတင်းအဓမ္မ ထိုးစစ်ဆင် ဝင်ရောက် ရန် ကြိုးပမ်းနေသောကြောင့် ရှေ့တန်းစစ်ရေး အခြေအနေမှာ ပိုမိုတင်းမာလာနေသည်။

ပုံစာ-ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များ (ပုံဟောင်း)