နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်
မြန်မာ့ပြည်တွင်းရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ကြီးအနေဖြင့် တော်လှန်ရေးအင်အားစုများ၏ အထူးမဟာမိတ် စုဖွဲ့မှုအသစ်ဖြစ်သော “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” နှင့် တရားဝင် ထိတွေ့ဆက်ဆံလာရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မျှော်လင့်ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း ဂျပန်နိုင်ငံ၌ ပြုလုပ်ခဲ့သော ဖိုရမ်တစ်ခုတွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးကို လက်တွေ့ကျကျ ဖြေရှင်းနိုင်ရန်အတွက် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့ (ERO) အချို့နှင့် လူကိုယ်တိုင် ထပ်မံတွေ့ဆုံ ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့ပြီးနောက် NUG ဘက်က ယခုကဲ့သို့ မှတ်ချက်ပြု တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“အာဆီယံအနေနဲ့ဖြစ်ဖြစ်၊ ဖိလစ်ပိုင်အနေနဲ့ဖြစ်ဖြစ် SCEF နဲ့လည်း တရားဝင် ထိတွေ့ဆက်ဆံပြီး တော်လှန်ရေးအင်အားစုတွေရဲ့ တကယ့်မြေပြင်သဘောထားမှန်ကို ရယူတာမျိုးတွေ လုပ်ကိုင်လာမယ့် အခြေအနေမျိုး ကျွန်တော်တို့ မျှော်လင့်ပါတယ်”ဟု NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရှိသူ ဦးနေဘုန်းလတ် က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအား အခွင့်အရေးရလျှင် ရသလို မြန်မာ့အရေးနှင့် ပတ်သက်သည့် မက်ဆေ့ခ်ျများ ပေးပို့နေပြီး အာဏာသိမ်းစစ်အုပ်စု၏ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲအပါအဝင် ၎င်းတို့၏ နောက်ဆက်တွဲ နိုင်ငံရေးထွက်ပေါက်မှန်သမျှကို လုံးဝလက်ခံမည်မဟုတ်ကြောင်း NUG နှင့် တော်လှန်ရေးမဟာမိတ်အဖွဲ့များက ပြတ်ပြတ်သားသား ရှင်းလင်းပြောဆိုထားသည်ဟု ၎င်းက ဆိုသည်။
သံတမန်ရေးရာ အခင်းအကျင်းသစ်တွင် အင်မတန်အရေးပါလာသည့် အဆိုပါ SCEF တွင် အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့နှင့်အတူ မြေပြင်စစ်ရေးနှင့် နိုင်ငံရေးအရ အဓိကဩဇာရှိသည့် “K3C” မဟာမိတ်အဖွဲ့များ ဖြစ်ကြသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ကျစ်ကျစ်လျစ်လျစ် စုဖွဲ့ထားခြင်း ဖြစ်သည်။
“အခုဆိုရင် အာဆီယံမှာရှိတဲ့ နိုင်ငံအများစုက စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို လက်မခံတဲ့ သဘောထားတွေ ကျွန်တော်တို့ ပိုမိုတွေ့မြင်လာရတယ်။ ဒါကြောင့်မို့လို့ သံတမန်ရေး ထိတွေ့ ဆက်ဆံမှုတွေကို တောက်လျှောက် ရှေ့ဆက်လုပ်ဆောင်သွားမှာပါ” ဟု ဦးနေဘုန်းလတ်က ဆက်လက် ပြောဆိုသည်။
စစ်အုပ်စုသည် နိုင်ငံတကာနှင့် အာဆီယံ၏ ဖယ်ကြဉ်ခံရမှုမှ ရုန်းထွက်နိုင်ရန်အတွက် စစ်ခေါင်း ဆောင်အား “ရွေးတုသမ္မတ” အဖြစ် အသွင်ပြောင်းကာ ပြည်ပခရီးစဉ်များ သွားရောက်ခြင်းနှင့် နေပြည်တော်သို့ အိမ်နီးချင်းနိုင်ငံများအား ဖိတ်ကြားကာ တရားဝင်မှုရရန် ကြိုးပမ်းနေချိန်တွင် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က တော်လှန်ရေးအင်အားစုများကို ထိတွေ့ရန် ပြင်ဆင်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် EROs များ အမြောက်အမြား တက်ရောက်ခဲ့သည့် သက်ဆိုင်သူများအစည်းအဝေး (Stakeholders’ Meeting) ကို အောင်မြင်စွာ ကျင်းပခဲ့ဖူးသည်။
နိုင်ငံရေးအကဲခတ် ဦးလှစိုးဝေက ယခုကဲ့သို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်သည် မြန်မာ့အရေးတွင် စစ်အုပ်စုတစ်ခုတည်းတင်မကဘဲ မြေပြင်တွင် အမှန်တကယ် နယ်မြေစိုးမိုးပြီး ဩဇာသက်ရောက်နေသည့် တော်လှန်ရေးအင်အားစုအားလုံးကို ချန်လှပ်ထား၍မရတော့ဘဲ ထည့်သွင်း စဉ်းစားလာရပြီဟူသော လက်တွေ့ကျသည့် နိုင်ငံရေးအမြင်ကို ပြသလိုက်ခြင်းဖြစ်ကြောင်း သုံးသပ် ထားသည်။
ယင်းအပြင် ရွေးတုအစိုးရဘက်က ထုတ်ပြန်သော အချက်အလက်များသည် နိုင်ငံတကာအလယ်တွင် ယုံကြည်စရာ ကင်းမဲ့နေပြီဖြစ်ရာ EROs နှင့် SCEF ကဲ့သို့သော တော်လှန်ရေးမဟာမိတ်များ၏ အသံကို တိုက်ရိုက်နားထောင်ခြင်းဖြင့်သာ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးအတွက် မျှတပြီး ထိရောက်သည့် မြန်မာ့အရေးမူဝါဒကို ချမှတ်နိုင်လိမ့်မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြထားသည်။
ဓာတ်ပုံ-လူမှုကွန်ရက်