ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဆာဘွဲ့ရ ဒေးဗစ်ဘက်ဟမ်းသည် ဘောလုံးလောကိုကျော်လွန်ကာ ဖက်ရှင်၊လူနေမှုပုံစံ၊ ယဉ်ကျေးမှုနယ်ပယ်တို့တွင် ဩဇာရှိသူအဖြစ်အသိအမှတ်ပြုသောအားဖြင့် ဟောလိဝုဒ်ရှိ Walk of the frame တွင် ဂုဏ်ပြုကြယ်ပွင့်ရရှိကြောင်း ESPN သတင်းတွင်ဖော်ပြထားသည်။
ဟောလိဝုဒ်လမ်းမကြီးတစ်လျှောက် တည်ရှိသည့် အောင်မြင်မှုစင်္ကြံ (Walk of Fame) တွင် ၂,၈၄၉ ခုမြောက်ကြယ်ပွင့်အဖြစ် ယမန်နေ့က လော့စ်အိန်ဂျလိစ်မြို့တွင် ဂုဏ်ပြုခံရခြင်းဖြစ်သည်။
”ဒါတွေအားလုံးက တကယ့်ကို အိပ်မက်ဆန်လွန်းတယ်လို့ ကျွန်တော် ဝန်ခံရပါလိမ့်မယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အံ့အားသင့်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ဖြတ်သန်းခဲ့ဖူးပေမဲ့ အခုလို လော့စ်အိန်ဂျလိစ်မှာ ကမ္ဘာကျော် စတားစင်္ကြံရဲ့ ကြယ်ပွင့်တစ်ပွင့်ကို လက်ခံရရှိနေတာကတော့ တကယ့်ကို မယုံနိုင်စရာပါပဲ” ဟု အခမ်းအနားတွင် ဘက်ခမ်းက ပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် ဘက်ခမ်း၏ဇနီးဖြစ်သူ ဗစ်တိုးရီးယားနှင့် နာမည်ကျော် မင်းသားကြီး တွမ်ခရုစ်တို့က ဘက်ခမ်းကို ပရိသတ်နှင့် မိတ်ဆက်ပေးခဲ့ကြသည်။
“ကျွန်တော်က အမြဲတမ်း အိပ်မက်မက်တတ်သူတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော့်လို အလုပ်သမားလူတန်းစား အင်္ဂလိပ်ဘောလုံးသမားတစ်ယောက်အတွက် အခုလို ဂုဏ်ပြုမှုမျိုး ရရှိလိမ့်မယ်လို့တော့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပါဘူး” ဟု ဘက်ခမ်းက ဆက်လက်ပြောကြားသည်။
ဘက်ခမ်းသည် မန်ချက်စတာ ယူနိုက်တက်နှင့် ရီးရဲလ် မက်ဒရစ်အသင်းတို့တွင် ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သည့် ကလပ်ကစားသမားဘဝကို ဖြတ်သန်းခဲ့သူ ဖြစ်သည်။ ယင်းနောက် အယ်လ်အေ ဂလက်ဆီအသင်းသို့ မပြောင်းရွှေ့ခဲ့သည်။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၁၅ ပွဲ ကစားပေးခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ်တွင် ပါဝင်ဆင်နွှဲခဲ့ကာ နှစ်ကြိမ်တိုင်တိုင် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။
၂၀၀၁ ခုနှစ်က ဂရိအသင်းနှင့်ပွဲတွင် ၎င်းကန်သွင်းခဲ့သည့် ဖရီးကစ်ဂိုးသည် အင်္ဂလန်အသင်းကို ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ တက်ရောက်ခွင့် ရရှိစေခဲ့ပြီး ၎င်း၏ နိုင်ငံတကာကစားသမားဘဝတွင် အမှတ်ရစရာအကောင်းဆုံး အခိုက်အတန့်တစ်ခုအဖြစ် ယနေ့တိုင် တည်ရှိနေဆဲဖြစ်သည်။
အဆိုပါ အောင်မြင်မှုစင်္ကြံ (Walk of Fame) တွင် ဂုဏ်ပြုခံခဲ့ရဖူးသည့် အခြားသော အားကစားသမားများထဲ၌ ရှာကေးလ် အိုနေးလ် Shaquille O’Neal, ဘီလီဂျင်းကင်း Billie Jean King and မူဟာမက် အလီ Muhammad Ali တို့ပါဝင်ကြောင်းဖော်ပြထားသည်။
ဓာတ်ပုံ – Manchester United
ကိုးကား – ESPN
Ref : Sir David Beckham honoured with star on Hollywood Walk of Fame