ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
ရွေးတုအစိုးရ၏ ရက် ၁၀၀ စီမံချက်ကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ခံရမှုအပါအဝင် စက်သုံးဆီအခက်အခဲကြောင့် အခြေခံစားကုန်နှင့် ကုန်သည်များဈေးထပ်မံမြင့်တက်နေကြောင်း သတင်းရရှိသည်။
လက်ရှိတွင် ထိုင်းကုန်စည်လမ်းကြောင်းနှင့် တရုတ်ကုန်စည်လမ်းကြောင်းများတွင် ရက် ၁၀၀ စီမံချက်ဖြင့် အဖမ်းအဆီးများနေသဖြင့် ကုန်ပစ္စည်းဝင်ရောက်မှုနည်းပါးပြီး လက်ကျန်ပစ္စည်းများ ဈေးတက် နေကြောင်းသိရသည်။
ထို့ပြင် စက်သုံးဆီဝယ်ယူခွင့်ကန့်သတ်ချက်၊ မော်တော်ယာဉ်မူဝါဒ စုံ/ မ ကန့်သတ်ချက်ကြောင့် ကုန်စည်စီးဆင်းရာတွင်နှောက်နှေးမှုများကြုံနေရသည်။

အခြေခံစားသောက်ကုန်ဈေးတွင် ဆန်ဈေး၊ ဆီဈေး၊ စားဖိုဆောင်ပစ္စည်းများဈေးနှုန်းတက်ကာ တရုတ်ကြက်သွန်ဖြူဈေးသိသိသာသာမြင့်တက်သွားကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။
“ ကုန်ဈေးနှုန်းတွေကအကုန်တက်နေတာပဲ။ စိတ်ညစ်နေပြီ။ ကလေးကျောင်းစရိတ်တွေ ကုန်ဈေးနှုန်းတွေတက်တာနဲ့။ ကိုယ့်အတွက် အလှကုန်ပစ္စည်းဝယ်ဖို့တောင် အတော်စဉ်းစားနေရတယ်” ဟု ကလေးတစ်ယောက်မိခင်က ပြောသည်။
လက်ရှိဆန်ဈေးကွက်ထဲတွင် လူစားများသောပေါ်ဆန်းဆန်နှင့် ရွှေဘိုပေါ်ဆန်းဈေးနှုန်းသည် တစ်အိတ်လျှင် ကျပ် ၁၇၀,၀၀၀ မှ ၂၀၀,၀၀၀ နှစ်သိန်းကျော်ရှိပြီး စားသုံးဆီဈေးနှုန်းတွင် ပဲဆီတစ်ပိဿာလျှပ် ကျပ် ၂၅,၄၀၀ ၊ စားအုန်းဆီးတစ်ပိဿာလျှင် ကျပ် ၁၁,၅၀၀ ရှိပြီး ဈေးအတက်အကျရှိကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။
စားဖိုဆောင်သီးနှံဈေးနှုန်းတွင် မြစ်သားကြက်သွန်နီများရာသီကုန်သွားသဖြင့် တစ်ပိဿာ ကျပ် ၃,၅၀၀၊ တရုတ်ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၉၀၀၀ ကျပ်ရှိကြောင်းသိရသည်။
ထို့ပြင်တရုတ်လမ်းပိတ်ထားမှုကြောင့် တရုတ်အာလူးဝင်ရောက်မှုမရှိဘဲ အောင်ပန်းအာလူး တစ်မျိုးတည်းသာ ရှိသဖြင့် တစ်ပိဿာ ၆,၀၀၀ ကျပ် ဈေးမြင့်သွားကြောင်း သိရသည်။
ယင်းပြင်သားငါးဈေးနှုန်းများလည်းမြင့်တက်ကာ ကြက်သားတစ်ပိဿာ ကျပ် ၂၅,၀၀၀ မှ ၂၈,၀၀၀ ကြား၊ ဝက်သားတစ်ပိဿာ ၃၇,၀၀၀ ကျပ်၊ ဆိတ်သားတစ်ပိဿာ တစ်ပိဿာ ကျပ် တစ်သိန်းဈေးရှိသည်။
အခြေခံစားသောက်ကုန်များကို ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ပြုထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံစားကုန်များ၏ နေ့စဉ်ဈေးနှုန်းဖြစ်ပေါ်နေမှုနှင့် ကုန်စည်စီးဆင်းမှုများကို စိစစ်၍ အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးရန်ဆောင်ရွက်နေကြောင်း ရွေးတုအစိုးရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ဆိုသည်။