ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေသည့် မြောက်ပိုင်းညီနောင်အဖွဲ့ဝင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ တိုက်ပွဲမဖြစ်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံမှုကို နေပြည်တော်တွင် ယမန်နေ့ ဇွန် ၁၂ ရက်၌ ပြုလုပ်ခဲ့ပြီး SSPP ဘက်မှ ငြိမ်းချမ်းရေး ဆွေးနွေးရာတွင် ဦးဆောင်လေ့ရှိသော ဒုဥက္ကဋ္ဌ (၂) ဗိုလ်ချုပ် စဝ်ခွန်ဆိုင်နှင့်အဖွဲ့ တက်ရောက်၍ ယင်းကိစ္စအပါအဝင် ကျားဖြန့်နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စသည်တို့ ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရက ဆိုသည်။

ယင်းအပြင် SSPP နှင့် ယခင် Bilateral တွေ့ဆုံဆွေးနွေးမှု၊ မြေပြင်အခြေအနေ၊ နှစ်ဖက်တပ်များအကြား အငြင်းပွားဖွယ်ရာကိစ္စရပ်များ ဖြစ်ပွားလာပါကလည်း တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ပြေလည်အောင် ဖြေရှင်းရေး စသည့်တို့ ဆွေးနွေးဟု ဖော်ပြထားသော်လည်း SSPP ဘက်ကမူ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

SSPP တွင် ရှမ်းပြည်တပ်မတော် (SSA) ရှိပြီး အပစ်ရပ်စာချုပ် (NCA) လက်မှတ်မထိုးထားသော မြောက်ပိုင်းညီနောင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်ဖြစ်ကာ တရုတ်အစိုးရ၏ ဖိအားပေးမှုကို ကြုံတွေ့နေရသော အဖွဲတစ်ဖွဲ့လည်းဖြစ်သည်။

ယင်း FPNCC ကို ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဦးဆောင်ဖွဲ့ထားပြီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် SSPP တို့ ပါဝင်ကြောင်း သိရသည်။

ယခင် ၂၀၁၂ ခုနှစ်က ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ပဏာမ အပစ်ရပ်စာချုပ် နှစ်စောင် လက်မှတ်ထိုးထားသော်လည်း အာဏာသိမ်းပြီးသည့်တိုင် စစ်အုပ်စု၏ နယ်မြေအတွင်း စစ်ကြောင်းထိုးမှုကြောင့် တိုက်ပွဲများ ရံဖန်ရံခါ ဖြစ်ပွားကာ အောက်ခြေ၌ နှစ်ဖက်တင်းမာမှုရှိကြောင်း သတင်းများအရ သိရသည်။

တစ်ဖက်တွင်လည်း NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် နယ်မြေအတွင်း တိုက်ပွဲများ ဖြစ်ပွားနေသလို မိုင်းရှူးမြို့၊ လွိုင်နိုင်း၊ မန်ဝိန်းကျေးရွာအနီးရှိ SSPP ၏ တပ်စခန်း သုံးခုအား နောက်ပြန်ဆုတ်ရန် ရွေးတုအစိုးရက ဖိအားပေးနေကြောင်း သိရသည်။

ဓာတ်ပုံ-MOI