ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်

 

ထိုင်းနိုင်ငံတွင် အမျိုးသမီးတစ်ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ပြီးနောက် မြန်မာနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် တရားခံကို ယနေ့ ဇွန် ၁၃ ရက် ၇ နာရီ ၄၅ မိနစ် နံနက်ပိုင်းက ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံ သတင်းရရှိသည်။

 

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ ပြစ်မှုကျူးလွန်သူမှာ အသက်၃၅ နှစ်အရွယ်ခန့်ရှိ အောင်ပေ (ခ) အောင်ပြည့်ဖြစ်ပြီး ဖမ်းဝရမ်းအမှတ် ၃၃၄၂/၂၅၆၉ ဖြင့် ထိုင်းနိုင်ငံဘက်က အလိုရှိနေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ၊ ဒင်းဒန်ခရိုင်၊ ရာချ်ပရာရော့လမ်းရှိ နေအိမ်အဆောင်တစ်ခုတွင် အသက် ၃၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းအပိုင်းအစများကို ပလပ်စတစ်ပုံးအတွင်း ထည့်ထားလျက် တွေ့ရှိကြောင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

 

ထိုသို့ ထွက်ပြေးတိမ်းရှောင်နေသည့် အောင်ပေ (ခ) အောင်ပြည့်ကို ဟင်္သာတမြို့၊ မြဝတီရပ်ကွက်၊ သီတာလမ်းရှိ နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်၌ပင် ရှာဖွေတွေ့ရှိကာ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း SH အထူးဟစ်တိုင်က ဖော်ပြထားသည်။

 

လက်ရှိတွင် ဖမ်းဆီးရမိထားသည့် တရားခံ အောင်ပြည့်ကို ဟင်္သာတမြို့မရဲစခန်းတွင် ထိန်းသိမ်းထားရှိပြီး၊ ရွေးတုလက်အောက်ခံ ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။