ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
ဧရာဝတီတိုင်း အတွင်းတွင် စစ်တပ်၏ ထောက်ပို့ပစ်ခတ်မှုအားကိုယူရန် သာပေါင်းနှင့် ရေကြည်ကြား မြေရဲကွင်း (သောင်တန်းနှင့် မျက်နှာချင်းဆိုင်၊ အရှေ့ဘက်ကမ်း) တွင် သင်္ဘောပေါ်မှ လက်နက်ကြီးချ၍ အခြေချထိုင်ထားကြောင်း သိရသည်။
လက်ရှိတွင် ဘုရားကြီးရွာ ဘုန်းတော်ကြီးကျောင်းနှင့် ဓမ္မာရုံအတွင်း၌ နောက်တန်းအထိုင်ချထားသော စစ်တပ် တပ်ဖွဲ့ဝင်များအတွက် ရိက္ခာ၊ ခဲယမ်းနှင့် ဆေးဝါးများကို စုပုံထားရှိပြီး ဖြစ်သည်။
အဆိုပါ ဘုရားကြီးရွာသည် မိုးကာလအတွင်း ရေပတ်လည်ဝိုင်းနေတတ်ပြီး စစ်တပ်ကာကင်းများဖြစ်သည့် ရွှေရင်မျှော်၊ မရမ်းချို နှင့် သောင်တန်း စသည်တို့က ဝန်းရံထားသဖြင့် လုံခြုံမှုအပြင် စက်ဒေါင့်ကြီးနှင့်လည်း ရေလမ်းဆက်သွယ်မှု ကောင်းမွန်သော နေရာတစ်ခု ဖြစ်သည်။
”ဘုရားကြီးရွာကို အမာခံစခန်းအဖြစ်ထားမယ်။ ရွှေရင်မျှော်မှာ ကာကင်းပေါ့။ အဲဒီလို ခွဲဝေချထားမှုရှိတယ်လို့ သိရတယ်” ဟု သာပေါင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ဘုရားကြီးရွာ၏ အရှေ့မြောက်ဘက် မြစ်အရှေ့ဘက်ကမ်း မြေရဲကွင်းဘက်ကလည်း အမြောက်ကြီး ထိုင်ထားပြီး ကာပစ် ထောက်ပံ့မှုများ ပေးထားနိုင်ကြောင်း မြေပြင်သတင်းများအရ သိရသည်။
သာပေါင်းမြို့နယ်မြောက်ဘက် ငဝန်မြစ်အနောက်ဘက်ကမ်း အဆုံးတွင်ရေကြည်မြို့နယ်နှင့်နယ်ခြား(ဘိုးတော်ချောင်း)အတိုင်း အနောက်ဘက်သို့ တက်လျင် မရမ်းချို၊ ဝါးတောကွင်း၊ ဘိုးတော်၊ ကမ္ဘားနီ စသည့်ရွာများရှိနေခြင်းဖြစ်သည်။
ယမန်နေ့ ဇွန် ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် ရိက္ခာများ တင်ဆောင်လာသည့် လှည်း ရှစ်စီးခန့် ဘုရားကြီးရွာသို့ ရောက်ရှိလာသော်လည်း လက်ရှိအချိန်ထိ အဆိုပါလှည်းများ ပြန်လည်ဆင်းသွားခြင်း မရှိသေးပေ။ နောက်ရက်များတွင်လည်း ခဲယမ်း၊ ဆေးဝါးများနှင့် လက်နက်ကြီးကျည်များကို လှည်းများဖြင့် ဆက်လက်တင်ဆောင်ရန် စီစဉ်ထားပြီး ဘုရားကြီးရွာတွင် ဆိုင်ကယ်များပါ အသင့်ပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။
အလားတူ ဇွန် ၁၂ရက် ညနေ ၆နာရီအချိန်တွင်လည်း ငါးသိုင်းချောင်း-ဘုရားကြီး လမ်းကြောင်းအတိုင်း ပြေးဆွဲနေသည့် “ကျော်ဇင်” အမည်ရှိ စက်လှေဖြင့် ရိက္ခာများ ထပ်မံသယ်ဆောင်လာရာ ထိုသို့ ရောက်ရှိလာမည့် ရိက္ခာနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးရန်အတွက် ဘုရားကုန်းရွာသားများကို တစ်အိမ်လျှင် တစ်ယောက်ကျစီ အဓမ္မလာရောက်စောင့်ဆိုင်းခိုင်းကာ လုပ်အားပေးခိုင်းစေလျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
စစ်တပ်သည် နေရာအသစ်ယူ၍ လက်နက်ကြီးအထိုင်ချရန်အတွက် ဝါးတောကွင်းရွာတစ်ဖက်ကမ်း (ဘိုးတော်ချောင်း မြောက်ဘက်ကမ်း) ရှိ ကမ္ဘားနီရွာအနီး သီဟိုဠ်ခြံအတွင်း၌ ပြင်ဆင်မှုများ ပြုလုပ်နေပြီး၊ ခြံမြေ ၁၀ ဧကခန့်အတွင်း မြေကွက်လပ်တွင် အထိုင်ချရန် စီစဉ်နေကြောင်း သိရသည်။
ဇွန်လ ၁၁ ရက်နေ့ ညပိုင်းတွင်လည်း စစ်တပ်၏ တပ်ဖွဲ့ဝင် အချင်းချင်း စကားများရန်ဖြစ်ရာမှ လည်ပင်းအား ဓားနှင့်လှီးကာ ထွက်ပြေးမှုတစ်ခု ဖြစ်ပွားခဲ့ပြီး၊ ဒဏ်ရာရရှိသူအား ဘုရားကုန်းရွာသို့ သယ်ဆောင်လာခဲ့ကြောင်း စုံစမ်းသိရှိရသည်။