ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးတုသမ္မတအဖြစ် အိန္ဒိယနိုင်ငံသို့ (၅) ရက်ကြာ သွားရောက်ပြီးနောက် ၎င်းတို့ကို ထောက်ခံကူညီနေသည့် တရုတ်နိုင်ငံအား မကြာမီ ရက်အတွင်း ဒုတိယအကြိမ် ပြည်ပခရီးစဉ် သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရဘက်က ထုတ်ပြန်ချက်အရ သိရသည်။

ယင်းခရီးစဉ်သည် လာမည့်ဇွန် ၁၅ ရက်မှ ၁၉ ရက်အထိဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သွားခြင်းဖြစ်ကြောင်း တရုတ်အစိုးရက ဆိုထားသော်လည်း ရွေးတုအစိုးရဘက်ကမူ ထုတ်ပြန်ခြင်း မရှိသေးသလို အိန္ဒိယခရီးစဉ် မတိုင်မီ၌ ဖျက်သွားသော ခရီးစဥ်လည်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် တရုတ်အစိုးရ စီမံခြယ်လည်မှုဖြင့် ပုံဖော်ပြုလုပ်သော ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် ရွေးတုသမ္မတ ဖန်တီးရယူထားသည့် စစ်ခေါင်းဆောင်သည် ၎င်းတို့ကို ထောက်ခံကူညီနေသော တရုတ်နိုင်ငံသို့ ပထမဆုံး သွားလိုသော်လည်း ယခုအခါမှ သွားရခြင်းဖြစ်သည်။

ရွေးတုသမ္မတအဖြစ် ပထမဆုံး ခရီးစဉ်ဖြစ်သော အိန္ဒိယနိုင်ငံသို့ မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ သွားရောက်ရာ၌ စစ်ခေါင်းဆောင်သည် ထိုနိုင်ငံသမ္မတအပြင် ဝန်ကြီးချုပ် မိုဒီနှင့်ပါ တွေ့ဆုံခဲ့ပြီး နှစ်ဖက်အပြန်အလှန် ဆွေးနွေးချက်များကို ဂုဏ်ယူဖွယ် ဖော်ပြနေချိန် ယခုကဲ့သို့ ဖိတ်ခေါ်လာခြင်းလည်းဖြစ်သည်။

ထိုအိန္ဒိယခရီးစဉ်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ၎င်းတို့ကူညီပေးနေသော ရွေးတုအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ခေါ်ယူ တွေ့ဆုံမေးမြန်းကာ တရုတ်စီမံကိန်းများကိစ္စ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးမာကျားကလည်း နေပြည်တော်သို့ သွားရောက်၍ ရွေးတုအစိုးရ၏ သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ရွေးတုလွှတ်တော်ဥက္ကဋ္ဌတို့နှင့် သီးခြားစီ တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး စသည်တို့ ဆွေးနွေးခဲ့သည်။

လက်ရှိ ရွေးတုသမ္မတ သွားရောက်မည့် တရုတ်ခရီးအတွင်း၌လည်း သံတမန်ဆက်ဆံရေး၊ မြန်မာနိုင်ငံမှတဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရစေရန် ရည်မှန်းထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI)အစီအမံ စီမံကိန်းများကိစ္စ အဓိကထား ဆွေးနွေးနိုင်ကြောင်း အကဲခတ်များက ထောက်ပြကြသည်။

ယင်းမတိုင်မီ ပြီးခဲ့သော ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာနှင့် ၂၀၂၅ ခုနှစ်၊ သြဂုတ်တို့တွင် တရုတ်နိုင်ငံသို့ ရွေးတုသမ္မတ နှစ်ကြိမ်သွားရောက်၍ သမ္မတ ရှီကျင့်ဖျင်အပါအဝင် ထိပ်သီးပိုင်းများကို တွေ့ဆုံထားပြီး ယခုနှင့်ဆိုလျှင် သုံးကြိမ်မြောက်ဖြစ်သလို နှစ်ဖက်ကြိုတင် ပြင်ဆင်မှုများ ရှိထားကြောင်း သိရသည်။

ဓာတ်ပုံ-MOI (ပုံဟောင်း)