ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

 

ထိုင်းဘုရင်မင်းမြတ်၏ အကြီးဆုံးသမီးတော်ဖြစ်သည့် အသက် (၄၇) နှစ်အရွယ် မင်းသမီး ပက်ချ်ရကီတီရာဘာ သည် ယမန်နေ့ ဇွန်လ ၁၁ ရက်နေ့ ညဦးပိုင်း ၇ နာရီ ၄၈ မိနစ်တွင် နတ်ရွာစံ (ကွယ်လွန်) ခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

မင်းသမီးကြီး နတ်ရွာစံပြီးနောက် ဝန်ကြီးချုပ်အနုထင်ခေါင်းဆောင်သည့် ထိုင်းအစိုးရအဖွဲ့မှ တရားဝင် ဝမ်းနည်းကြေကွဲခြင်းကာလကို ၁၅ ရက်တာသတ်မှတ်ခဲ့ပြီး နိုင်ငံတဝန်းရှိ အစိုးရအဆောက်အအုံများနှင့် ကျောင်းများတွင် အလံများကိုတဝက်စိုက်ထူထားရန် ညွှန်ကြားခဲ့သည်။

အစိုးရဝန်ထမ်းများနှင့် အရပ်ဘက်ဝန်ထမ်းများအနေဖြင့် ဝမ်းနည်းခြင်းကာလ ညွှန်ကြားချက်များကို မပျက် မကွက် လိုက်နာရမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း မိမိတို့အဆင်ပြေ သင့်လျော်သလို ပူးပေါင်းပါဝင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။ ဖျော်ဖြေရေးပွဲလမ်းသဘင်များနှင့် လှုပ်ရှားမှုများကို လုံးဝတားမြစ်ပိတ်ပင်မည်မဟုတ်သော်လည်း သင့်တင့်လျောက်ပတ်စွာသာ ကျင်းပရန် နှိုးဆော်ထား ကြောင်း သိရသည်။

 

တော်ဝင်မင်းသမီးပက်ချ်ရကီတီရာဘာကို ၁၉၇၈ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ထိုင်းဘုရင် မဟာဝိဇီရာလောင်ကွန်း နှင့် ဇနီးဟောင်းဖြစ်သူ တော်ဝင်မင်းသမီး ဆုမ်းဆာဝါလီတို့မှ မွေးဖွားခဲ့ပြီး ထိုင်းဘုရင်မင်းမြတ်၏ အကြီးဆုံးသမီးတော်တစ်ဦးလည်း ဖြစ်သည်။

မင်းသမီးပက်ချ်ရကီတီရာဘာသည် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးအနေဖြင့် လူသိများထင်ရှားပြီးအမျိုးသမီးအကျဉ်းသူများ၊ အကျဉ်းထောင်တွင်း မိခင်များနှင့်အတူ နေထိုင်နေ ရသည့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အကျဉ်းသူများကို လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ခြင်း၊ သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ ဆေးဝါးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကူညီပံ့ပိုးပေးသည့် “Inspire” စီမံကိန်းကို စတင်ဦးဆောင်ခဲ့သူ ဖြစ်သည်။

 

ထို့ပြင် လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဥပဒေရေးရာနှင့် တရားမျှတမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များ၊ ထိခိုက်လွယ်သည့် လူထုအုပ်စုများကို ပံ့ပိုးကူညီမှုများတွင် တက်ကြွစွာ ပါဝင်ဆောင် ရွက်ခဲ့ပြီး ဩစတြီးယား၊ ဆလိုဗားကီးယားနှင့် ဆလိုဗေးနီးယား နိုင်ငံများဆိုင်ရာ ထိုင်းနိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသည့် သံအမတ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။

 

မင်းသမီးကြီးသည် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိလာချိန်တွင်လည်း အစိုးရရှေ့နေအဖြစ် တရားရေး ကဏ္ဍတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မင်းသမီးကြီးသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် နှလုံးရောဂါအခြေအနေကြောင့် သတိမေ့မြောသွားခဲ့ပြီးနောက် ကိုမာဝင်နေသည့်အခြေ အနေဖြင့် ဆေးဝါးကုသမှု အပြန်းအထန်ခံယူနေစဉ် ကျန်းမာရေး ပိုမိုကျဆင်းလာကာ ယခုကဲ့သို့ နတ်ရွာစံ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။