နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၂ ရက်

အာဏာသိမ်းမှုကြောင့် နိုင်ငံတကာ၏ ဖယ်ကြဉ်ခြင်းခံထားရသော ရွေးတုအစိုးရသည် နယ်စပ်ဒေသ လုံခြုံရေးကို အခြေပြု၍ ထိတွေ့ဆက်ဆံလာသည့် လာအိုနိုင်ငံနှင့် ပူးပေါင်းကာ အာဆီယံအသိုက် အဝန်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရန် ကြိုးပမ်းနေကြောင်း စစ်ဘက်အကဲခတ်များက ထောက်ပြသည်။

အာဆီယံအဖွဲ့ဝင် အိမ်နီးချင်း လာအိုနိုင်ငံ စစ်ဦးစီးဌာန ဒုတိယအကြီးအကဲ၏ နေပြည်တော် ခရီးစဉ်အပြင် လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ထောင်ဆာဗန် ဖုန်ဗီဟေးသည် လည်း ရွေးတုအစိုးရ၏ ဖိတ်ကြားချက်အရ ဇွန်လ ၁၁ ရက်တွင် နေပြည်တော်သို့ စတင်ရောက်ရှိ နေကြောင်း စစ်အုပ်စု၏ ဝါဒဖြန့်ထုတ်ပြန်ချက်များအရ သိရသည်။

ရွေးတုအစိုးရ၏ တပ်ချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် နေပြည်တော်၌ လာအိုစစ်ဦးစီးဌာန ဒုတိယအကြီး အကဲကို လက်ခံတွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံမှုသည် အာဆီယံအတွင်း ပြန်လည် ဝင်ဆံ့နိုင်ရေးအတွက် စစ်အုပ်စုဘက်က “တစ်ဆင့်နိမ့် ဆက်ဆံရေး” ဖြင့် ရုန်းကန်နေရခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ထောက်ပြ သည်။

“နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး အနေအထားအရ တပ်ချုပ်ချင်းပဲ တန်းတူတွေ့တာ များတယ်။ အခုဟာက လာအိုဘက်က ဒုစစ်ဦးစီးချုပ်အဆင့်ပဲ လာတာ။ တကယ်ဆို ရွေးတုအစိုးရရဲ့ ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ပဲ တွေ့ရမယ့် အနေအထားမျိုးကို တပ်ချုပ်ကိုယ်တိုင် ဆင်းတွေ့ပြီး တစ်ဆင့်နိမ့် ဆက်ဆံရေးနဲ့ အာဆီယံအသိုက်အဝန်းထဲ စစ်ရေး၊ နိုင်ငံရေးအရ မျက်နှာပွင့်အောင် ချဉ်းကပ်နေရတာပါ” ဟု ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် တရုတ်အစိုးရ၏ လွှမ်းမိုးမှုရှိသော လာအိုနိုင်ငံသည် နိုင်ငံတကာနှင့် အာဆီယံက ဖယ်ကြဉ်ထားသော စစ်အုပ်စုနှင့် နိုင်ငံအချင်းချင်း ထိတွေ့ဆက်ဆံမှုများကို ယနေ့တိုင် ပြုလုပ်လျက်ရှိသည်။

အထူးသဖြင့် လာအိုနိုင်ငံသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာချိန်တွင်လည်း မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ငါး ရပ်ကို လိုက်နာခြင်းမရှိသည့် စစ်အုပ်စုနှင့် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဆက်လက်ထိတွေ့ ဆက်ဆံခဲ့သည်။

လာအိုနိုင်ငံသည် မြန်မာ့ပဋိပက္ခများကြောင့် ၎င်းတို့၏ နယ်စပ်လုံခြုံရေးနှင့် စီးပွားရေး ရိုက်ခတ်မည်ကို စိုးရိမ်သဖြင့် နယ်စပ်တည်ငြိမ်ရေးနှင့် အကျိုးစီးပွားများအတွက် ရွေးတုအစိုးရနှင့် ဆက်ဆံနေခြင်း ဖြစ်ကြောင်း အကဲခတ်များက သုံးသပ်သည်။

ယခုရက်ပိုင်းအတွင်း ပြုလုပ်သည့် လာအိုစစ်ဦးစီးဌာန ဒုတိယအကြီးအကဲနှင့် တွေ့ဆုံမှုတွင် နှစ်နိုင်ငံစစ်ဘက်ပူးပေါင်းရေး၊ သံတမန်ဆက်ဆံရေးနှင့် အာဆီယံအတွင်း ဆက်ဆံရေးများ တိုးတက်ရန် ဆွေးနွေးခဲ့သည့်အပြင် CLMV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) ပူးပေါင်းမှု၊ မဟာမဲခေါင်ဒေသခွဲ ပူးပေါင်းရေးနှင့် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းမှုမဟာဗျူဟာ (ACMECS) ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ရွေးတုအစိုးရဘက်က ထုတ်ပြန်ထားသည်။

သို့သော် ထိုတွေ့ဆုံမှုသည် ရွေးတုအစိုးရသစ် ဖွဲ့စည်းမှုနှင့် တပ်ချုပ်သစ် ပြောင်းလဲမှုတို့ကြောင့် ပုံမှန်ထိတွေ့ခြင်းသာဖြစ်ပြီး စစ်ရေးအရ ကြီးကြီးမားမား အပြောင်းအလဲ ရှိလာနိုင်စရာမရှိကြောင်း CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်သည်။

“လက်ရှိ ရွေးတုအစိုးရစစ်တပ်နဲ့ လာအိုစစ်တပ်အကြား ဆက်ဆံမှုက နယ်စပ်လုံခြုံရေး ပူးပေါင်းမှု လောက်ပဲ ရှိတာပါ။ တပ်ပိုင်းဆိုင်ရာ ကြီးကြီးမားမား အပြန်အလှန် စစ်ရေးမဟာမိတ် ပူးပေါင်းမှုမျိုး အထိတော့ အများကြီး ရှိမနေပါဘူး” ဟု ဗိုလ်မှူးနောင်ရိုးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလားတူ ရွေးတုသမ္မတဖြစ်လာသူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း နိုင်ငံတကာနှင့် အာဆီယံ၏ ဖယ်ကြဉ်ခံရမှုမှ လွတ်မြောက်ရန် လာအိုအပါအဝင် နိုင်ငံခြားရေးဝန်ကြီးများကို ဖိတ်ကြား တွေ့ဆုံလျက်ရှိသည်။

လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ထောင်ဆာဗန် ဖုန်ဗီဟေး၏ နေပြည်တော် ခရီးစဉ်သည် ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်၊ ရွေးတုအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့နှင့် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း သိရသည်။

(ဓာတ်ပုံ – MOI)