ဧရာ၀တီတိုင်းမ်
(အုတ်တွင်း)၊ ဇွန် ၁၁ ရက်
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ အုတ်ဖိုကျေးရွာရှိ စစ်အုပ်စုလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူး ဆိုသူအား အမည်မသိလူငယ်တစ်စုက သတ်ဖြတ်ကာ နေအိမ်ရှိ ရွှေထည်ပစ္စည်းများနှင့် ဆိုင်ကယ် နှစ်စီးကို ယူဆောင်သွားကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၁၀ ရက် ည ၁၁ နာရီဝန်းကျင်က အုတ်ဖိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးတူး နေအိမ်၌ ရှိနေစဉ် သုံးလေးဦးခန့်ပါဝင်သည့် အမည်မသိလူငယ်တစ်စုက လမ်းပေါ်တွင် ထိုးကြိတ်ရန်ဖြစ်ဟန်ဆောင်ကာ ၎င်း၏ နေအိမ်ခြံထဲသို့ အကူအညီတောင်းခံသည့်ပုံစံဖြင့် ဝင်ရောက်လာခဲ့ကြသည်။
ထိုသို့ အကူအညီတောင်းခံလာသဖြင့် ဦးတူးက အချိန်မတော် ရန်ဖြစ်သည့် အကြောင်းအရာကို မေးမြန်းကာ အိမ်တံခါးဖွင့်ပေးလိုက်စဉ် လူငယ်များက အသင့်ပါလာသော သေနတ်ဖြင့် ထောက်၍ မှောက်ခိုင်းပြီးနောက် အိမ်အပြင်သို့ ဆွဲထုတ်သွားခဲ့သည်။

အုပ်ချုပ်ရေးမှူး ဦးတူးကို ထိုသို့ အိမ်အပြင် ဆွဲထုတ်ပြီးနောက် လက်နှစ်ဖက်နှင့် ဦးခေါင်းတို့ကို ဖြတ်တောက်၍ သတ်ဖြတ်ခဲ့ပြီးနောက် နေအိမ်အတွင်းရှိ မိသားစုဝင်များကိုပါ ဒူးထောက်ခိုင်း၍ နားတောင်းနှင့် ရွှေထည်ပစ္စည်းများကို ဖြုတ်ယူကာ အိမ်တွင်ရှိသည့် ဆိုင်ကယ်နှစ်စီးကိုပါ ယူဆောင်မောင်းနှင်သွားခဲ့ကြကြောင်း မိသားစုဝင်များနှင့် နီးစပ်သူထံမှ သိရသည်။
“သူက ဖင်ပေါ့တယ် (သွက်သွက်လက်လက်ရှိတယ်)။ ဘယ်သူခိုင်းခိုင်း လုပ်ပေးတာ။ ရွာသားတွေလည်း အားကိုးရသလို စစ်အုပ်စုရဲ့ ဌာနဆိုင်ရာတွေကလည်း အားကိုးကြတယ်။ အဲဒီလို ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာကြောင့် အရင်က ကြိမ်းမောင်းသတိပေးခံထားရတာတွေတော့ ရှိတယ်” ဟု အုတ်ဖိုကျေးရွာသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးအား မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းရင်းကြောင့် လာရောက်ရှင်းလင်း သတ်ဖြတ်သွားသည်ကိုမူ ဧရာ၀တီတိုင်းမ်အနေဖြင့် တိတိကျကျ သိရှိရခြင်း မရှိသေးပေ။
ဓာတ်ပုံ – လူမှုကွန်ရက်