‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၁ ရက်

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်အစပ်၊ ရေကြည်မြို့နယ်နှင့် ကပ်လျက်ရှိသည့် ရွေးတုအစိုးရစစ်တပ်၏ တပ်စခန်းအခြေစိုက်ရာ ကြောင်လျှာဒေသကို အာရက္ခတပ်တော် (AA) က စိုးမိုးနေရာ ယူထားလိုက်ပြီ ဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့မှစတင်ကာ ကြောင်လျှာဒေသတွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်တပ်စခန်းနှင့် အနီးဝန်းကျင်ကို AA က စိုးမိုးထိန်းချုပ်နိုင်ခဲ့သည့်အတွက် ရွေးတုအစိုးရတပ်များ နောက်ဆုတ်ထွက်ပြေးသွားကြခြင်း ဖြစ်သည်။

“ကြောင်လျှာပင်ဆိုတာက ရွာတော့မဟုတ်ဘူး။ ဆင်စခန်း၊ ဆင်ဝိုင်းလို့ခေါ်တဲ့ ဆင်လုပ်သားတွေနေတဲ့ တဲ ၂၀ လောက်ရှိမယ့် နေရာမျိုးပါ။ အခု အဲဒီ ကြောင်လျှာကို AA က စိုးမိုးလိုက်ပြီ။ စစ်တပ်က နောက်ဆုတ်သွားရတယ်။ သူတို့ ထိုင်နေတဲ့ သော်ကပင် ဆိုတာကလည်း တောစခန်းပါပဲ” ဟု သာပေါင်းဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရစစ်တပ်သည် တပ်စခန်းများ လက်လွှတ် ဆုတ်ခွာနေရချိန်တွင် ဝါးတောကွင်းရွာ တစ်ဖက်ကမ်း၊ ရေကြည်မြို့နယ်အတွင်းရှိ သီဟိုဠ်ခြံတွင် ယနေ့ ဇွန် ၁၁ ရက် ၌ အမြောက်တပ်မှ လက်နက်ကြီးစခန်း အထိုင်ချနိုင်ရန် ပြင်ဆင်လုပ်ဆောင်လာကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့သည် ငေါတောင်တွင်လည်း အင်အား ၁၇၀ ခန့်ဖြင့် တပ်ဖြန့်အခြေချလာပြီး တောင်ဝန်းကျင်သို့ မည်သူ့ကိုမျှ ဖြတ်သန်းခွင့်မပြုတော့ဘဲ ဒေသခံ ဝါးခုတ်သမားများကိုပါ မောင်းထုတ်ထားကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် ရွေးတုအစိုးရစစ်တပ်သည် ရေကြည်မြို့နယ်အတွင်းရှိ သရက်ကုန်း၊ မရမ်းချို၊ ညောင်မှော် ကျေးရွာ အုပ်စုများမှ ဒေသခံများနှင့် ၎င်းတို့၏ ကား၊ ဆိုင်ကယ်၊ နွားလှည်းများကို ဘုရားကြီးရွာတွင် အတင်းအဓမ္မ စုဝေးခိုင်းထားပြီး လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ပြန်ရနိုင်မည် မဟုတ်ကြောင်း သိရသည်။

ရွေးတုအစိုးရစစ်တပ် တပ်ဆုတ်ပြေးသည့် လမ်းကြောင်းတစ်လျှောက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ၎င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာရရှိသည့် လူနာများ စက်ဒေါင့်ကြီးရွာသို့ နေ့စဉ်ရောက်ရှိနေသည်။ ထို့ပြင် ယမန်နေ့ကလည်း ရွေးတုအစိုးရစစ်တပ်၏ စစ်သုံးကားကြီးများဖြင့် ခဲယမ်း၊ ဆေးဝါးများနှင့် လက်နက်ကြီးကျည်များကို စက်ဒေါင့်ကြီးကျေးရွာသို့ ထပ်မံဖြည့်တင်း ရောက်ရှိ လာကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်/ပုံဟောင်း