ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

 

အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါ ၃ နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ (FIFA World Cup 2026) ၏ တိုက်ရိုက်ထုတ်လွှင့်ခွင့်ကို အာဏာသိမ်း စစ်အုပ်စုလက်အောက်ခံ Mytel က ရရှိထားပြီး TV360 Application နှင့် Canal+ ရုပ်သံလိုင်း တို့မှတစ်ဆင့် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

ယနေ့ ဇွန် ၁၁ ရက်တွင် မက္ကစီကိုနိုင်ငံ၌ ကမ္ဘာ့ဖလားဖွင့်ပွဲအခမ်းအနားနှင့် အဖွင့်ပွဲစဉ်ကို စတင်ယှဉ်ပြိုင် ကစားတော့မည်ဖြစ်ရာ အဆိုပါ ကမ္ဘာ့ဖလားပွဲစဉ်များကို စစ်အုပ်စု၏ ဝင်ငွေရလမ်းဖြစ်သော Mytel ဆင်းမ်ကတ်များနှင့် ရုပ်သံလိုင်းများမှတစ်ဆင့် ကြည့်ရှုခြင်းမပြုဘဲ သပိတ်မှောက်ကြရန် တော်လှန်ရေး အင်အားစုများက သတိပေးတောင်းဆိုလိုက်သည်။

အဆိုပါ ကမ္ဘာ့ဖလားပွဲစဉ်များကို တိုက်ရိုက်ပြသခွင့်ရရှိထားသည့် စစ်အုပ်စုလက်အောက်ခံ တယ်လီ ကွန်းလုပ်ငန်း Mytel ၏ ထုတ်ပြန်ချက်အရ Mytel ဆင်းမ်ကတ်အသုံးပြုသူများသာ ၎င်းတို့၏ TV360 Application ကို ဒေါင်းလုဒ်ရယူကာ ဖုန်းငွေဖြည့်သွင်း၍ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

“Mytel ဆင်းမ်ကတ်သုံးသူတွေအတွက်ပဲ သီးသန့်ဖြစ်နေတာ။ သူတို့ဆင်းမ်ကတ် သုံးလာအောင် ဆွဲဆောင်တဲ့သဘောပဲ။ အဲဒီဆင်းမ်ကတ်နဲ့ TV360 App ဒေါင်းရမယ်၊ ဖုန်းငွေဖြည့်ပြီး ကြည့်ရမယ်ပေါ့။ ဘောလုံးပွဲကြည့်ချင်ဇောနဲ့ စစ်အုပ်စုဆီ ဝင်ငွေစီးဆင်းမယ့် လုပ်ငန်းတွေကို မသုံးစွဲစေချင်ဘူး။ တခြားနည်းလမ်းတွေနဲ့ပဲ ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု တော်လှန်ရေးအင်အားစုဝင် တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ပြင်သစ်နိုင်ငံအခြေစိုက် အခပေးရုပ်သံကုမ္ပဏီ CANAL+ Group နှင့် ပြည်တွင်းမှ Forever Group တို့ ပူးပေါင်းတည်ထောင်ထားသော အခပေးရုပ်သံလိုင်းဖြစ်သည့် Canal+ Myanmar ၏ သုခုမလိုင်းမှလည်း အဆိုပါပွဲစဉ်များကို တိုက်ရိုက်ပြသမည်ဟု ကြေညာထားသည်။

 

ထို့ကြောင့် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များကို စစ်အုပ်စုပိုင် Mytel နှင့် ၎င်းတို့နှင့် ပူးပေါင်းထားသည့် ရုပ်သံလိုင်းများမှ ကြည့်ရှုခြင်းမပြုဘဲ အခြားသော အွန်လိုင်းအပလီကေးရှင်းများနှင့် အခြားနည်းလမ်း များကို အသုံးပြု၍ ကြည့်ရှုကြရန် တော်လှန်ရေးအင်အားစုများက အသိပေးနှိုးဆော်ထားသည်။

 

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ဗီယက်နမ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနပိုင် Viettel တို့ ပူးပေါင်းထားသည့် Mytel (တယ်လီကွန်းကုမ္ပဏီ) ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေး ကာလအတွင်း ပြည်သူလူထု၏ သပိတ်မှောက်ခြင်းကို ပြင်းပြင်းထန်ထန် ခံထားရသည့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်