ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

 

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ အိန္ဒိယသံရုံးရှေ့တွင် တောင်ကိုရီးယားရောက် မြန်မာဒီမိုက‌ရေစီ အင်အားစုများက ယမန်နေ့ ဇွန် ၁၀ ရက်နေ့က အိန္ဒိယအစိုးရအနေဖြင့် ရွေးတုအစိုးရကို နိုင်ငံတကာ မျက်နှာစာတွင် တရားဝင်အသိအမှတ်ပြု ဆက်ဆံနေခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။

 

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများနှင့် ဒီမိုကရေစီ အင်အားစုများ တက်ရောက်ခဲ့ကြပြီး အိန္ဒိယအစိုးရအနေဖြင့် မြန်မာအကြမ်းဖက်အစိုးရနှင့် ဆက်ဆံ နေခြင်း၊ စစ်လက်နက်ပစ္စည်းများ ဆက်လက်ထောက်ပံ့ပေးနေခြင်းတို့ကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း သဘောထားထုတ်ပြန်ချက်ကို ထုတ်ဖော်ကြေညာခဲ့ကြောင်း သိရသည်။

ထို့ပြင် အိန္ဒိယအစိုးရအနေဖြင့် ၎င်းတို့၏ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ ကတိကဝတ်များ၊ မူဝါဒများကို ပြန်လည်သုံးသပ်ကာ မြန်မာစစ်တပ်အ‌ပေါ် ထောက်ပံ့နေမှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆိုထားသည့် ကန့်ကွက်လွှာကိုလည်း အိန္ဒိယသံရုံးသို့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

Justice For Myanmar(JFM) ၏ အစီရင်ခံစာများအရ Bharat Electronics Limited (BEL) အပါအဝင် အိန္ဒိယနိုင်ငံပိုင်ကာကွယ်ရေးလုပ်ငန်းများ၏ စစ်တပ်ထံ အဆင့်မြင့်ရေဒါများ၊ လက်နက်ကြီး ပြောင်းများ ရောင်းချနေမှု၊ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် စစ်အုပ်စုထံ နိုင်ငံခြားဝင်ငွေ စီးဆင်းစေရန် ကူညီနေမှုများကို ချက်ချင်းရပ်ဆိုင်းရန်လည်း တောင်းဆိုခဲ့ကြကြောင်း သိရသည်။

 

စစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မတရားအာဏာသိမ်းပြီးနောက် ပြည်သူလူထုအပေါ် လေကြောင်းမှ ဗုံးကြဲခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေချိန်တွင် အိန္ဒိယအစိုးရအနေဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို နယူးဒေလီသို့ ဖိတ်ကြားခဲ့ခြင်းသည် မြန်မာပြည်သူလူထု၏ သဘောထားကိုကို လျစ်လျူရှုရာရောက်သည်ဟု ထောက်ပြခဲ့သည်။

ဓာတ်ပုံ – ပေးပို့