ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ရန်ကုန်တိုင်း၊ တွံတေးမြို့အနီးကိုဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိ ရစ်ခ်တာစကေး ၄ ဒသမ သုညအဆင့် လှုပ်ခတ်မှုရာ ယင်းအရှိန်ဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အများအပြားတွင် ငလျင်လှုပ်ခတ်မှုသိသိသာသာခံစားရကြောင်း သိရသည်။
ယနေ့ ဇွန် ၁၁ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က တွံတေးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကို ဗဟိုပြု၍ ရစ်တာစကေး ၄ ဒသမ သုညအဆင့်ဖြင့် အင်အားအနည်းငယ်ရှိသောငလျင်လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါငလျင်လှုပ်ခတ်မှုအရှိန်ကို အင်းစိန်မြို့အပါအဝင် ရန်ကုန်မြို့ရှိ မြို့နယ်အများအပြားတွင်ခံစားရကြောင်း ရန်ကုန်မြို့ခံများထံက သိရသည်။
“ ပထမတစ်ခါထိုင်းနေတဲ့ခုံခါသွားတော့ ခဏကြာတစ်ခါထပ်လုပ်သွားတယ်။ အရမ်းမကြာဘူး။ စက္ကန့်ပိုင်းလောက်ပဲ။ နှစ်ခါလုပ်တာ” ဟု အင်းစိန်မြို့နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ငလျင်အန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များအပါအဝင် သတိပြုနေထိုင်ရန်သတိပေးထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့ နံနက်အစောပိုင်းကလည်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်အနီးတဝိုက်တွင် ပေါက်ကွဲသံကဲ့သို့ အသံကျယ်ကြီးနှင့်အတူ ငလျင်လှုပ်သကဲ့သို့ မြေကြီးတုန်ခါမှုဖြစ်ပေါ်ခဲ့သည်။
ဓာတ်ပုံ – NUG