ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က အမေရိကန်စစ်တပ်ဟာ အီရန်နိုင်ငံရှိ ပစ်မှတ်အ မြောက်အမြားကို ဗုံးကြဲတိုက်ခိုက်နေပြီဖြစ်ကြောင်းနဲ့ ဒါဟာ အီရန်ဘက်က အကြောင်းမဲ့ ဆက်တိုက်ရန်စ ကျူးကျော်နေမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တာလို့ ဗုဒ္ဓဟူးနေ့မှာ လူမှုကွန်ရက်ကနေ ကြေညာခဲ့ ပါတယ်။
အခုလို အရှိန်မြှင့်တိုက်ခိုက်မှုဟာ ဟော်မုဇ်ရေလက်ကြားအနီး အမေရိကန်စစ်ရဟတ်ယာဉ် ပျက် ကျမှုကို အီရန်လက်ချက်လို့ သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲပြီး အမေရိကန်ဘက်က အီရန်ကို ပထမအ ကြိမ် စတင်ဗုံးကြဲခဲ့ပြီးနောက် ဒုတိယမြောက်နေ့မှာပဲ ဖြစ်ပွားခဲ့တာပါ။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်သ်က ဒေါ်နယ်ထရမ့်ရဲ့ ထပ်မံတိုက်ခိုက်ဖို့ သတိ ပေးချက်တွေ ထွက်လာပြီးနောက် ဗုဒ္ဓဟူးနေ့ညမှာ အမေရိကန်စစ်တပ်အနေနဲ့ အီရန်ကို ပြင်းပြင်းထန် ထန် ထပ်မံဗုံးကြဲတိုက်ခိုက်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်က အခုတိုက်ခိုက်မှုတွေဟာ အမေရိကန်စစ်ဘက်ရဟတ်ယာဉ် ပစ်ချခံရမှု အတွက် လက်တုံ့ပြန်တာလို့ပဲ ပြောပါတယ်။
ဟက်ဂ်ဆက်သ်ကတော့ “ကျွန်တော်တို့ဘက်က စစ်ပွဲအသစ်တစ်ခုကို ပြန်စချင်လို့ တိုက်နေတာ မဟုတ်ပါဘူး၊ သမ္မတ ဒေါ်နယ်ထရမ့် မျှော်မှန်းထားတဲ့အတိုင်း သဘောတူညီချက်မျိုး ရလာစေဖို့အတွက် ပင်တဂွန်က အသာစီးရမယ့် အခြေအနေတွေကို ဖန်တီးနေတာပါ” လို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။
“ဒီညမှာ လုပ်မယ့် တိုက်ခိုက်မှုတွေဟာ ပြင်းထန်ပြီး ပြတ်သားပါလိမ့်မယ်။ တကယ်လို့ မနက်ဖြန် ညမှာပါ ထပ်လုပ်ဖို့ လိုမယ်ဆိုရင်လည်း ပြင်းထန်ပြီး ပြတ်သားနေဦးမှာပါပဲ” လို့ ၎င်းက ကြုံးဝါးခဲ့ပါတယ်။
ကိုးကား – PBS News
Ref; U.S. military says it has begun striking ‘multiple targets’ in Iran in latest escalation of tensions