နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
မကွေးတိုင်းတွင် စစ်ရေးပြင်းထန်နေပြီး ပြည်သူ့စစ်မှုထမ်း(ပစ)ဆင်းများ ထိခိုက်သေဆုံး၊ ထွက်ပြေးမှု များပြားနေ၍ တပ်သားလိုအပ်ချက် ဖြည့်တင်းနိုင်ရန် ရွေးတုအစိုးရက တစ်ဖက်လှည့်စည်းရုံး ဝါဒဖြန့်နေကြောင်း ဒေသခံနှင့် တော်လှန်ရေး အင်အားစုများ၏ ပြောပြချက်အရ သိရသည်။
အာဏာသိမ်းပြီးနောက် တပ်အင်အား လိုအပ်ချက်အတွက် အသက်သွင်း ပြဋ္ဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်း ဥပဒေအရ သတ်မှတ်သက်တမ်း ပြည့်ပြီဖြစ်သည့် မကွေးတိုင်းအတွင်းမှ အပတ်စဉ် (၁)၊ (၂) ဆင်းဟုဆိုကာ ရွေးတုအစိုးရက ယခုရက်အတွင်း ဧည့်ခံကြိုဆို၍ ဂုဏ်ပြုငွေ ပေးအပ်နေကြောင်း သိရသည်။
ထိုလုပ်ရပ်သည် ရွေးတုအစိုးရ ပြုလုပ်နေကြ ဝါဒဖြန့်ယန္တရားဖြစ်ပြီး ယင်းအထဲ အမှန်တကယ် စစ်မှုထမ်းဆင်း လူငယ်များအပြင် မဟုတ်မမှန်သော ယင်းတို့လက်အောက်ခံ သူများလည်း ပါဝင်နေကြောင်း ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ PRA Magway ဥက္ကဋ္ဌ ကိုနေမွန်က သုံးသပ်ထောက်ပြသည်။
“ဒီစစ်မှုထမ်းပြီးတော့ ပြန်လာတဲ့သူတွေက အန္တရာယ်ကင်း ဘေးရှင်းကြောင်းဆိုတာ ပုံဖော်ပြချင်တဲ့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ ဒါပေမယ့် တစ်ကယ့်မြေပြင်မှာတော့ ရန်သူ့ဘက်က လူငယ်တွေ အလင်းဝင်တာ၊ ဖမ်းဆီးခံရမှုတွေ တောက်လျှောက်ရှိနေတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ဆက်လက်ပြောသည်။
ရွေးတုအစိုးရကမူ ၎င်းတို့ စစ်ရေးတိုးမြှင့်နေသည့် မကွေးတိုင်းအတွင်းမှ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁)၊ (၂) ဆင်း လူငယ် (၃၁၆) ဦးတို့ စစ်ရေးတာဝန်များ ထမ်းဆောင်ပြီး သတ်မှတ်ကာလ ပြည့်ပြီဖြစ်၍ နေရပ်သို့ပြန်လာသည်ကို ဂုဏ်ပြုငွေ ပေးအပ်ခြင်းနှင့် ညစာစားပွဲ တည်ခင်းဧည့်ခံ ကြိုဆိုကြောင်း ဖော်ပြသည်။
ယင်းအပြင် ထိုသူများကို ရွေးတုအစိုးရမှ တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းစီ ပေးအပ်ဟု ဖော်ပြထားသော်လည်း ရရှိသူနည်းပါးပြီး လက်ရှိအထိ စစ်မှုထမ်းရန် ပေါ်တာဆွဲ၊ အတင်းအဓမ္မ ဖမ်းဆီးခံရသော လူငယ်အများစုမှာ အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့် နီးစပ်သည့် ဒေသခံများထံက သိရသည်။
ရွေးတုအစိုးရသည် ပြည်သူ့စစ်မှုထမ်း အပတ်စဉ်တစ်ခုလျှင် လူငယ်ဦးရေ (၅၀၀၀) ခန့် အနည်းဆုံး ဖမ်းဆီးစုဆောင်းနေပြီး မကွေးတိုင်းအပါအဝင် နိုင်ငံတဝန်း စစ်မြေပြင်တွင် ထိခိုက်သေဆုံး၊ အလင်းဝင်ထွက်ပြေး၊ ဖမ်းဆီးခံရမှုများကြောင့် ယင်းလူငယ်များ ပျောက်ဆုံးနေကြောင်း အစီရင်ခံစာများအရ သိရသည်။
အဆိုပါလူငယ်များ အခြေအနေကို ဖုံးကွယ်ထိန်ချန်၍ အိမ်ပြန်လာနိုင်သူ လူငယ်တစ်ချို့ဖြင့် ရွေးတုအစိုးရက ဝါဒဖြန့်နေသလို တစ်ဖက်တွင်လည်း တပ်သားသစ် စုဆောင်းရရှိစေရေး လက်အောက်ခံ စစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ် စသည်တို့အား ညွှန်ကြားအမိန့်ပေး ခိုင်းစေနေကြောင်း သိရသည်။
လက်ရှိတွင် မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေသည် မြိုင်၊ ပေါက်၊ ပခုက္ကူ၊ နတ်ရေကန်၊ မင်းတုန်း စသည့်ဒေသတို့တွင် တိုက်ပွဲပြင်းထန်နေပြီး ရွေးတုအစိုးရတပ်၏ စစ်ကြောင်းများလည်း တိုက်ခိုက်ခံနေရသဖြင့် အင်အားဖြည့်တင်းကာ စစ်ကူပို့နေရသည်။
ယခုဝါဒဖြန့်မှုသည်လည်း မကွေး၊ စစ်ကိုင်းအပြင် ကချင်၊ ချင်း၊ ရခိုင် စသည့်ဒေသများ၌ စစ်ရေးပြင်းထန်နေမှုများနှင့် တိုက်ရိုက်သက်ဆိုင်နေပြီး ရွေးတုအစိုးရအနေဖြင့် တပ်သားသစ်များ ရရှိစေရန် တစ်ဖက်လှည့်စုဆောင်း စည်းရုံးနေခြင်းမျိုးဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
ဓာတ်ပုံ- လူမှုကွန်ရက်