ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရွေးတုအစိုးရစစ်တပ်၏ တောင်မော်ဦးရေတပ်စခန်း အနီး ဝန်းကျင်တွင် အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများ အလွန်ပြင်းထန်လျက်ရှိပြီး စစ်တပ်၏ကာကင်း စခန်း ငါး ခုခန့်ကို AA က သိမ်းပိုက်လိုက်ပြီးနောက် စစ်သင်္ဘောကြီးများဖြင့် အင်အားဖြည့်တင်းကာ အပြင်းအထန် ခုခံနေကြောင်း မြေပြင်သတင်းများအရ သိရသည်။
AA သည် ပြီးခဲ့သည့် ဇွန်လပထမပတ်မှစတင်၍ တောင်မော်ဦး ရေတပ်စခန်းကို ဝိုင်းဝန်းပိတ်ဆို့ကာ အနီးကပ်ဖြတ်တောက်နိုင်ရေးအတွက် စခန်းပတ်ပတ်လည်ရှိ ကာကင်းစခန်းများကို ဖိအားပေး ထိုးစစ် ဆင် တိုက်ခိုက်ခဲ့သည်။
ရေတပ်စခန်းအနီးရှိ စံပယ်ရှောင်ကုန်း၊ ဒွေးချကုန်း၊ မျှော်ချောင်းကုန်း အပါအဝင် ဗျူဟာကျသည့် ရှေ့တန်းကာကင်းစခန်း ငါး ခုခန့်ကို AA ဘက်က ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဝတောင် ကျေးရွာ အနီးတစ်ဝိုက်တွင်လည်း တိုက်ပွဲများ ပိုမိုနီးကပ်လာပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ပြင်းထန်လျက်ရှိသည်။
ရွေးတုအစိုးရစစ်တပ်သည် တောင်မော်ဦး ရေတပ်စခန်းအတွင်းရှိ စစ်ကြောင်းများကိုစေလွှတ်ထားရာ ၎င်းတို့၏တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြားပြီး စခန်းလက်လွှတ်ရမည့် အခြေအနေနှင့် ရင်ဆိုင် နေရသဖြင့် ဇွန် ၈ ရက်နေ့တွင် စစ်သင်္ဘော သုံးစင်းဖြင့် စစ်ကူအင်အား၊ လက်နက်ခဲယမ်းများကို အရေးပေါ် လာရောက်ဖြည့်တင်းခဲ့ကြောင်း သိရသည်။
”ကာကင်းစခန်းတွေ ဆက်တိုက်ကျသွားပြီးတဲ့နောက် ဇွန် ၈ ရက်နေ့မှာပဲ စစ်သင်္ဘောသုံးစင်းနဲ့ အင်အား တွေ ထပ်ရောက်လာတာ။ လူအင်အားရော၊ လက်နက်ခဲယမ်းပါ အပြည့်အစုံပါတယ်။ ကျောက်ဖြူမြို့ပေါ် ခလရ -၃၄ တပ်ရင်းက စစ်သားအချို့ကိုလည်း စက်လှေတွေနဲ့ တောင်မော်ဦးဘက်ကို အရေးပေါ် ရွှေ့ပြောင်း စစ်ကူပေးနေရတယ်။ ထိုးစစ်ကနေ ခုခံစစ်ဖြစ်သွားလို့ စစ်တပ်က အင်အားရာချီနဲ့ တပ်ဖြန့်ဖို့လုပ်နေတယ်” ဟု ကျောက်ဖြူ စစ်ရေးစောင့်ကြည့်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရေတပ်သင်္ဘောများမှာ စစ်တွေရွှေမင်းဂံရေတပ်ဆိပ်ကမ်းကိုလည်းဆိုက်ကပ်ခဲ့ပြီး စစ်ကူ အင်အား တချို့ပို့ခဲ့ကာ ကျောက်ဖြူရှိ ဓညဝတီရေတပ်ဌာနချုပ်နှင့် တောင်မော်ဦးရေတပ်ကိုပါ စစ်ကူနှင့် ခဲယမ်းများပို့ဆောင်ခဲ့သည်။
ရွေးတုအစိုးရစစ်တပ်သည် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နှင့် ဗျူဟာမြောက် ဓညဝတီ ရေတပ်ဌာနချုပ် မကျဆုံးစေရန်အတွက် ရောက်ရှိလာသည့် စစ်သင်္ဘောများပေါ်မှနေ၍ တိုက်ပွဲ ဖြစ်ပွားရာ ကုန်းတွင်းပိုင်း အရပ်သားကျေးရွာများနှင့် AA တပ်ဖွဲ့များရှိနိုင်သည့် နေရာများကို လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်လျက်ရှိသည်။
ထို့အပြင် လေကြောင်းမှတစ်ဆင့် ဂျက်ဖိုက်တာ တိုက်လေယာဉ်များ၊ အသေခံဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများကိုပါ နေ့စဉ်ရက်ဆက် လုပ်ဆောင်လျက်ရှိသည်။
ပုံစာ-စစ်အုပ်စု၏ စစ်ရေယာဥများကို တွေ့ရစဉ်။(ပုံဟောင်း)