ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

 

ထိုင်းနိုင်ငံတွင် တောင်ကိုရီးယား K-Pop အဖွဲ့တစ်ဖွဲ့ဖြစ်သည့် BTS ၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ (World Tour) လက်မှတ်များကို တစ်ဆင့်ခံဝယ်ယူပေးသည့် X (တွစ်တာ) အကောင့်တစ်ခု၏ လိမ်လည်မှုကြောင့် ထိုင်းပရိသတ် ရာပေါင်းများစွာလိလည်ခြင်းခံခဲ့ရပြီး ဘတ်ငွေ ၁ ဒသမ ၁ သန်းဝန်းကျင် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 

လိမ်လည်သည့်အကောင့်မှာ ဝယ်ယူသူများ ယုံကြည်စေရန် Hashtag များ အသုံးပြု၍ ပို့စ်တင်ခြင်း၊ လက်မှတ်ဝယ်ယူပေးထားသည့် ပုံစံများပြသခြင်းနှင့် သုံးစွဲသူအကြံပြုချက် (Review) အတုများ ဖန်တီးခြင်းတို့ လုပ်ဆောင် ကာ စနစ်တကျ အဆင့်ဆင့် လိမ်လည်ခဲ့ခြင်းဖြစ်သည်။

 

၎င်းတို့သည် လက်မှတ်တစ်စောင်လျှင် ဝန်ဆောင်ခအဖြစ် ဘတ် ၃၀၀ မှ ၇၀၀ အထိ ယူဆောင်ပြီး လက်မှတ်ဖိုး စရံငွေများကို ကြိုတင်လွှဲခိုင်းခဲ့ကာ BTS World Tour လက်မှတ်များ တရားဝင်စတင်ရောင်းချချိန်တွင်မူ အကောင့်ကို ဖျက်၍ အဆက်အသွယ် ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

လိမ်လည်ခံရသူများ စုပေါင်း၍ အွန်လိုင်းဂရုတစ်ခု ဖွဲ့စည်းခဲ့ရာ အနည်းဆုံး လူပေါင်း ၁၄၅ ဦးထက်မနည်း လိမ်လည်ခံထားရကြောင်း သိရှိရဖြင့် စုပေါင်းပြီး ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ကြသည်။

 

တိုင်ကြားမှုများအရ ထိုင်းအွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးစင်တာ (AOSC) နှင့် ဗဟိုစုံစမ်း စစ်ဆေးရေးရဲတပ်ဖွဲ့ (CIB) တို့ ပူးပေါင်းစုံစမ်းခဲ့ရာ X အကောင့်ပေါင်း ၃၅၀ ကျော်ကို အသုံးပြု၍ ဖျော်ဖြေပွဲလက်မှတ်အတုများ လိမ်လည်ရောင်းချခဲ့သည့် ဂိုဏ်းမှ အဖွဲ့ဝင် ခုနစ် ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ GOT7၊ NCT၊ DAY6၊ BLACKPINK၊ SEVENTEEN၊ TWICE၊ EXO စသည့် K-pop အနုပညာရှင်တို့၏ ဖျော်ဖြေပွဲများအပြင် အခြားကမ္ဘာ ကျော်အဆိုတော်များနှင့် ထိုင်းအဆိုတော်များ၏ ဖျော်ဖြေပွဲလက်မှတ်များကိုလည်း လိမ်လည်ရောင်းချ ခဲ့ဖူးပြီး စုစုပေါင်း ဘတ်ငွေ ၄ သန်းဝန်းကျင်အထိ လိမ်လည်ခဲ့ကြကြောင်း သိရသည်။

 

ဖမ်းဆီးရမိသည့် ငွေလိမ်ဂိုဏ်းဝင်များမှာ အသက် ၂၂ နှစ်မှ ၃၇ နှစ်အရွယ်များ ဖြစ်ကြပြီး၊ ယခုကဲ့သို့ ဖျော်ဖြေပွဲလက်မှတ် လိမ်လည်မှုမှာ ထိုင်းနိုင်ငံတွင် အဖြစ်အများဆုံး ဆိုင်ဘာမှုခင်း လိမ်လည်မှု ပုံစံတစ်ခု ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

 

ကိုးကား – Khaosod English