‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၀ ရက်

‎မြန်မာနိုင်ငံ၏ အခြေအနေများကိုသိရှိနားလည်အဖြေရှာနိုင်ရေးအတွက် လာမည့်ရက်ပိုင်းအတွင်း တော်လှန်ရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံရန် ရည်ရွယ်ထားကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မာရီယာ သီရေဆာ လာဇာရို (Ma. Theresa Lazaro) က ယနေ့ ပြောကြားသည်။

‎”အခြေအနေမှန်တွေကို သိရှိဖို့နဲ့ ကျွန်မတို့ ဘယ်လိုမျိုးတကယ်တမ်း ကူညီပေးနိုင်မလဲဆိုတာ ရှာဖွေဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံဖို့ ရည်ရွယ်ထားပါတယ်” ဟု တိုကျိုမြို့၌ နစ်ကေး (Nikkei) က ကြီးမှူးကျင်းပသည့် ဖိုရမ်တစ်ခုတွင် လာဇာရိုက ပြောဆိုခဲ့သည်။

‎ဖိလစ်ပိုင်နိုင်ငံသည် ယခုနှစ်အတွက် အာဆီယံ (ASEAN) အလှည့်ကျဥက္ကဋ္ဌဖြစ်ပြီး သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ (Ferdinand Marcos Jr.) က လာဇာရိုအား မြန်မာနိုင်ငံဆိုင်ရာ ၎င်း၏အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသည်။

‎လက်ရှိတွင် မည်သူတို့နှင့် တွေ့ဆုံမည်၊ မည်သည့်နေရာတွင် တွေ့ဆုံမည်ဆိုသည်ကိုမူ လာဇာရိုက အသေးစိတ် ထည့်သွင်းပြောကြားခြင်း မရှိသေးပေ။ ‎

“ဘယ်လိုအဆင်ပြေမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ” ဟု လာဇာရိုက ပြောသည်။

‎မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ပြီး နောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ခုခံတိုက်ပွဲဆင်နွှဲနေသဖြင့် ပြည်တွင်းစစ်မီးတောက်လောင်ကာ ပဋိပက္ခများကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရသည်။

‎ထိုအချိန်မှစ၍ မြန်မာခေါင်းဆောင်ပိုင်းအား အာဆီယံ၏ ထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီလမှစကာ ဒေသတွင်းအဖွဲ့အစည်းဖြစ်သည့် အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ပြန်လည်ထိတွေ့ဆက်ဆံနိုင်မည့် နည်းလမ်းများကို ရှာဖွေနေခြင်းဖြစ်သည်။

‎ရွေးတုသမ္မတ မင်းအောင်လှိုင်ကလည်း အစိုးရသစ်အနေဖြင့် အာဆီယံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရန် ကြိုးပမ်းသွားမည်ဟု ပြောကြားထားသည်။

‎ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း မြန်မာ့အရေးအခင်းအတွက် အဖြေရှာရန် ရည်ရွယ်၍ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ အများအပြား ပါဝင်သည့် သက်ဆိုင်သူများအစည်းအဝေး” (Stakeholders’ meeting) ကို မနီလာမြို့တွင်ကျင်းပခဲ့ဖူးသည်။

ကိုးကား – ရိုက်တာ
Ref : Philippines foreign minister says she plans to meet Myanmar ethnic groups soon

‎ဓာတ်ပုံ – Reuters