‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၀ရက်

ပေါက်မြို့နယ်ရှိအတွင်းရှိ ရေပြာရဲစခန်းနှင့် ကုက္ကိုစုပျူစောထီးစခန်းတို့ကို မဟာမိတ်ပူးပေါင်းအင်အားစုများက “Operation Su” စစ်ဆင်ရေးအဖြစ် တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းနှစ်ခုလုံးကို အောင်မြင်စွာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း မကွေးတိုင်းပက ပကဖအပါဝင် တော်လှန်ရေးအင်အားစုများက ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။


‎အဆိုပါ “Operation Su” စစ်ဆင်ရေးကို ဇွန်လ ၂ ရက်နေ့ နံနက် ၄နာရီ ၃၀မိနစ် တွင် စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ ရွေးတုအစိုးရစစ်တပ်ဘက်မှ လေကြောင်းပစ်ကူ အကြိမ်ရေ ၈၀ ထက်မနည်း အပြင်းအထန် ခုခံပစ်ကူပေးခဲ့သော်လည်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ၏ မဆုတ်မနစ် တိုက်ခိုက်မှုကြောင့် ဇွန်လ ၂ ရက် နေ့လယ်ခင်းတွင် ရေပြာရဲစခန်းကိုလည်းကောင်း၊ ဇွန်လ ၄ ရက်နေ့ ညနေပိုင်းတွင် ကုက္ကိုစုပျူစခန်းကိုလည်းကောင်း အသီးသီး အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။


‎တိုက်ပွဲဖြစ်စဉ်အတွင်း ရွေးတုအစိုးရစစ်တပ်ထံမှ လက်နက်ငယ် ၅၅ လက်၊ လက်နက်ကြီး ၄ လက်၊ အခြား လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိခဲ့သည်။


‎၎င်းအပြင် ရွေးတုအစိုးရစစ်တပ်ဘက်မှ စစ်သုံ့ပန်း ၅၀ ကျော်ကို ဖမ်းဆီးရမိခဲ့ပြီး၊ စစ်အုပ်စု၏ အတင်းအဓမ္မ လူသားတံတိုင်းအဖြစ် ခိုင်းစေခြင်းခံခဲ့ရသော အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် ပြည်သူ ၂၀၀ ကျော်ကိုလည်း ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကာ လက်ရှိတွင် ကောင်းမွန်စွာ စောင့်ရှောက်ထားရှိကြောင်း သိရသည်။
‎‎

‎တိုက်ပွဲအတွင်း အသက်ကို ပဓာနမထားဘဲ တိုက်ပွဲဝင်ခဲ့ကြသည့် တပ်မှူး၊ တပ်သားများနှင့် ကျဆုံးခဲ့ရသော ရဲဘော်များ၊ ပြည်သူများကိုလည်း ဦးညွှတ်အလေးပြုကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

‎ယခု “Operation Su” စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ပကဖရုံးချုပ်နှင့် မကွေးဖက်ဒရယ်ယူနစ် ကာကွယ်ရေးဝန်ကြီးတို့၏ လမ်းညွှန်ပူးပေါင်းကူညီမှုဖြင့် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။


‎အဆိုပါစစ်ဆင်ရေးတွင် မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ မြိုင် ပကဖ ၊ ပခုက္ကူခရိုင် ပကဖ ၊ KG တပ်ဖွဲ့ ၊ ပေါက်ပကဖတပ်ရင်း ၊ BLY တပ်ဖွဲ့ ၊ YRF တပ်ဖွဲ့ ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ( ၂ /၆/၇/၁၂ /၁၄/၁၇ / ၁၈ ) တပ်ရင်းများ ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး( ABSDF) ၊ မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးစစ်ကြောင်းများ ၊ ပခုက္ကူပကဖ၊ ကမ္မတပ်ပေါင်းစု+ပြည်သူ့လုံခြုံရေးအင်အားစု(ကမ္မ)၊ PLC တပ်ပေါင်းစု ၊ အညာမြေတပ်‌ပေါင်းစု ၊ PDO/PDA တပ် ၊ မကွေးတိုင်းလှုပ်ရှားစစ်ကြောင်း အမှတ် ၄ ၊ ပေါက်မြို့နယ် ဆေးတပ်ဖွဲ့ ၊ ပေါက်မြို့နယ် ပအဖ နှင့် တော်လှန်ပြည်သူများက စည်းစည်းလုံးလုံး ပူးပေါင်းဆောင်ရွက်ခဲ့သည်။


‎လက်ရှိ လတ်တလော စစ်ရေးအခြေအနေများကြောင့် ပခုက္ကူခရိုင်အတွင်းရှိ မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ စစ်ရေးသတိအပြည့်ဖြင့် ဂရုတစိုက် နေထိုင်သွားကြရန် မြိုင် ပကဖ က အထူးတိုက်တွန်း နှိုးဆော်ထားသည်။

‎ဓာတ်ပုံ- မြိုင် ပကဖ