ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
စစ်ရေးအရ အဆုံးအဖြတ်မပေးနိုင်ဘဲ ကာလရှည်ကြာ တိုက်ပွဲပြင်းထန်နေသည့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့စစ်မျက်နှာသို့ ရွေးတုအစိုးရစစ်တပ်က မြေပြင်စစ်ကြောင်းများအပြင် ဧရာဝတီမြစ် ကြောင်းအတိုင်း စစ်ရေယာဉ်အုပ်စုလိုက် စေလွှတ်၍ အင်အားဖြည့်တင်းရန် အလုံးအရင်းဖြင့် ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါစစ်ကူဗျူဟာအတွက် ရွေးတုအစိုးရစစ်တပ်သည် တပ်မ (၈၈) လက်အောက်ခံ ချောက် အခြေစိုက် ခမရ -၄၁၆ အပါအဝင် ထုတ်နုတ်ပူးပေါင်းတပ်အများအပြားကို စုဖွဲ့နေပြီး လက်ရှိတွင် မန္တလေးတောင်ခြေ အခြေ စိုက် ခလရ-၉၅ ၌ အင်အားစုဆောင်းလျက်ရှိသည်။ အဆိုပါ ပူးပေါင်းစစ်ကြောင်းသည် လာမည့် ဇွန်လကုန်တွင် မန္တလေးမှ ဗန်းမော်မြို့သို့ မြစ်ကြောင်းအတိုင်း ဆန်တက်ရန် စီစဉ်နေခြင်း ဖြစ်သည်။
”မြေပြင်စစ်ကြောင်းတွေကနေ စစ်ကြောင်းတွေထွက်ပြီး ဧရာဝတီမြစ်တလျှောက်ကရွာတွေ၊ မြို့တွေကို စိုးမိုးမှုအရင်ယူထားလိုက်ပြီးတော့ အခု ရေကြောင်းကပါတက်မယ်။ အင်းအားတွေစုဖွဲ့နေတာ သိထား ရပါတယ်” ဟု မန္တလေးစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခု စစ်ကူများစုဖွဲ့ရာနေရာဖြစ်သည့် ခလရ-၉၅ သည် ပြီးခဲ့သည့် မတ္တရာနှင့် သပိတ်ကျင်းနယ်မြေများ ပြန်လည် သိမ်းပိုက်စဉ်ကလည်း စစ်ယာဉ်တန်းများဖြင့် စစ်ကူအင်အား ဖြည့်တင်းပေးခဲ့သည့် အဓိကခြေကုပ်တပ်ရင်းတစ်ခု ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်သည် ဗန်းမော်သို့ ရေကြောင်းမှ စစ်ကူပို့ရန် ကြိုးပမ်းနေရုံသာမက ရွှေကူမြို့ဘက် မှနေ၍လည်း မြေပြင်စစ်ကြောင်းများ တွန်းပို့နိုင်ရန် နည်းမျိုးစုံဖြင့် အသည်းအသန် ကြိုးပမ်းနေကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ဗန်းမော်စစ်မျက်နှာတွင် အရှုံးနှင့်ရင်ဆိုင်နေရသော်လည်း ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းက စစ်ရေယာဉ်အုပ်စုတစ်စု ဗန်းမော်သို့ ဆိုက်ကပ်နိုင်ခဲ့ခြင်းကြောင့် အသက်ရှူပေါက်ရကာ စစ်ရေးအလှည့်အပြောင်း ဖြစ်ခဲ့ဖူးသည်။
ထိုစဉ်က စစ်သင်္ဘောများနှင့်အတူ ပါရှိလာသည့် ဒရုန်းတပ်ဖွဲ့များ၊ ဒရုန်းလက်နက်များနှင့် ခဲယမ်းများ ကြောင့် ရွေးတုအစိုးရစစ်တပ်သည် စစ်ရေးအခြေအနေကို ပြောင်းလဲနိုင်ခဲ့ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ကို ထိုးစစ်ပြန်ဆင်နိုင်ခဲ့သည့် သာဓကရှိခဲ့သည်။
ထို့ကြောင့် ယခုတစ်ကြိမ် ရေကြောင်းနှင့် မြေပြင်စစ်ကြောင်းများကို အလုံးအရင်းဖြင့် ထပ်မံစေလွှတ်ရန် ပြင် ဆင်လာခြင်းသည် ကချင်ပြည်နယ်အတွင်း ကျန်ရှိနေသည့် ၎င်းတို့၏ ဗျူဟာမြောက် အခြေခံစခန်းကြီးတစ်ခုဖြစ်သော ဗန်းမော်မြို့ မကျဆုံးရေးအတွက် နည်းပညာနှင့် လူအင်အား ပေါင်းစပ်၍ စစ်ကစားရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။
ရွေးတုအစိုးရစစ်တပ်၏ စစ်သင်္ဘောအုပ်စု စတင်ဆန်တက်မည့် ဇွန်လကုန်ပိုင်းတွင် မန္တလေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ်အစပ်ရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် မြစ်ကြောင်းစိုးမိုးရေး တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပြီး၊ ဗန်းမော်မြို့အနီးတစ်ဝိုက်တွင်လည်း နှစ်ဖက်အပြန်အလှန် အဆုံးအဖြတ် ထိုးစစ်များကြောင့် စစ်ရေးတင်းမာမှု အရှိန်မြင့်တက်လာနိုင်ဖွယ် ရှိနေကြောင်း စစ်ရေး အကဲခတ်များက ဆိုသည်။
ပုံစာ-၂၀၂၅ ခုနှစ်က ဧရာ၀တီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်များ တိုက်ခိုက်ခံရစဉ်။