ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဇွန် ၁၀ ရက်

 

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လှည့်လည်စစ်ကြောင်းထိုးနေသည့် ရွေးတုအစိုးရ စစ်တပ်က ကျေးရွာများကို နေ့စဉ်နီးပါး မီးရှို့ဖျက်ဆီးနေပြီး စစ်ဘေးရှောင်အများ အပြားမှာလည်း အကူ အညီများလိုအပ်နေကြောင်း သိရသည်။

 

စစ်တပ်သည် ယမန်နေ့ ဇွန် ၉ ရက်နေ့က ထန်းပင်ကုန်းကျေးရွာကို စတင်မီးရှို့ဖျက်ဆီးနေပြီး ပြီးခဲ့သည့် ဇွန် ၅ ရက်နေ့ကလည်း ကျွန်းလှကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ထို့ပြင် မေ၃၁ရက် နှင့် ဇွန် ၁ ရက်နေ့တို့တွင်လည်း ချောင်းဂွရွာ၊ ဇီးတောလေးရွာတို့ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

“ပြေးနေရတဲ့ပြည်သူတွေက ကူကယ်ရာမဲ့ဘဝနဲ့ တောတွေတောင်တွေနီးစပ်ရာတွေမှာ ချို့ချို့တဲ့တဲ့ နေနေ ကြရတယ်။ ရွာမှာကျန်ခဲ့တဲ့အိမ်တွေကပစ္စည်းတွေကြ ခွေးတွေ(စစ်သားတွေ)က ကားတွေနဲ့တိုက်ယူ အိမ်တွေကိုမီးတွေနဲ့ရှို့လုပ်နေကြတာပါ” ဟု အုတ်ဖိုအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အုတ်ဖိုတွင် ရွေးတုအစိုးရစစ်တပ်၏စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးနေမှုများကြောင့် ကြို့ကိုးပင်၊ တိုင်းကလေး၊ ကျောက်တန်း၊ သရက်နှစ်ဖျားလိမ်၊ ကျွန်းလှကုန်း၊ ထန်းပင်ကုန်း စသည့်ကျေးရွာ အုပ်စုများရှိ ကျေးရွာပေါင်းဒါဇင်ချီမှ ဒေသခံထောင်နှင့်ချီမှာ စစ်ဘေးရှောင်တိမ်းနေရကြောင်း သိရသည်။

 

ထို့ပြင် စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် နေရပ်ပြန်သူများအပါအဝင် ဒေသခံ ခုနစ် ဦးအထိ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် ဒေသခံအများစုမှာ စစ်ဘေးရှောင်တိမ်းနေရဆဲဖြစ်ကာ ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်း စသည်ဖြင့် အကူအညီအများအပြား လိုအပ်နေကြောင်းလည်း အကူအညီပေးနေသူ များထံမှ သိရသည်။

 

ရွေးတု စစ်တပ်သည်အုတ်ဖိုမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် မေ ၂၀ ရက်မှစတင်ကာ စစ်ကြောင်း ထိုးလာခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခဲ့ကာ တိုက်ပွဲများ အတွင်း စစ်တပ်ဘက်မှ ဗိုလ်ကြီးအပါအဝင် ၁၈ ဦးထက်မနည်း သေဆုံးထားကြောင်း တော်လှန်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – ပေးပို့