ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

 

မြန်မာနိုင်ငံတွင် မြစ်ချောင်းများ ပေါများကာ ရေအားလျှပ်စစ် အောင်မြင်စွာ ထုတ်လုပ်နိုင်သော်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသည့် သွေးထိုးလှုံ့ဆော်သူများ၏ ကန့်ကွက်မှုကြောင့် လျှပ်စစ် ဓာတ်အား လုံလောက်မှုမရှိခြင်းဖြစ်ကြောင်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ဝေဖန်အပြစ်တင် ပြောကြားခဲ့သည်။

 

ယမန်နေ့ ဇွန်လ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေးတွင် ၎င်းက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပမှ သွေးထိုးလှုံ့ဆော်သူများ၏ စကားကို နားယောင်ကာ ရေအားလျှပ်စစ် စီမံကိန်းကြီးများကို ကန့်ကွက်ခဲ့ကြသဖြင့် ယခုအချိန်အထိ နှောင့်နှေးနေရဆဲ ဖြစ်ကြောင်း၊ ကန့်ကွက်မှုများမရှိပါက ယခုအခါ လျှပ်စစ်မီးများ လုံလောက်စွာ ရရှိနေမည်ဖြစ်ကြောင်း ရွေးတုသမ္မတက ဆိုသည်။

 

မြန်မာနိုင်ငံတွင် မြစ်ချောင်းများမှ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၁ သိန်းကျော် ထုတ်လုပ်နိုင်သည့် အလား အလာရှိသော်လည်း လက်ရှိတွင် ၃,၅၀၀ မဂ္ဂါဝပ်ခန့် (၃ ဒသမ ၅ ရာခိုင်နှုန်းခန့်) သာ ထုတ်လုပ်နို င်သေးကြောင်း ရွေးတုအစိုးရ လျှပ်စစ်ဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

သို့သော်လည်း နိုင်ငံတကာ မြစ်ချောင်းများဆိုင်ရာအဖွဲ့ (International Rivers) ၏ ထောက်ပြချက်အရ စစ်အုပ်စုက ပြန်လည်စတင်ရန် ကြိုးပမ်းနေသည့် ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကြီး ပြီးစီးပါက ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား စုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တိုက်ရိုက်တင်ပို့ ရောင်းချရမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ၁၀ ရာခိုင်နှုန်းသာ ရရှိမည် ဖြစ်သည်။

 

လက်ရှိတွင် ရွေးတုအစိုးရသည် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကာ စီမံကိန်းလုပ်ကိုင်ခွင့်ရထားသည့် တရုတ်အစိုးရပိုင် State Power Investment Corporation ၏ လက်အောက်ခံ SPICYN ကုမ္ပဏီနှင့် ပူးပေါင်း၍ ဒေသခံများကို စည်းရုံးရန် ပြည်သူ့ဆက်ဆံရေး (PR) လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။

 

၎င်းတို့သည် မြစ်ဆုံစီမံကိန်း ပြန်စနိုင်ရေးအတွက် ဒေသခံများနှင့် တွေ့ဆုံပွဲများကို ပြီးခဲ့သည့် ဧပြီလကုန်အထိ ၁၄ ကြိမ်မြောက် ပြုလုပ်ထားကြောင်း သိရသည်။

 

ထို့ကြောင့် ရွေးတုသမ္မတဦးမင်းအောင်လှိုင်သည် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်း၊ လူထုရွှေ့ပြောင်း ရခြင်းနှင့် ငလျင်ကြောနှင့်နီးစပ်သည့် အန္တရာယ်များကြောင့် အများပြည်သူက ကန့်ကွက်နေမှုကို “သွေးထိုးလှုံ့ဆော်မှု” ဟု ခေါင်းစဉ်တပ်၍ ဖမ်းဆီးအရေးယူရန် ပြင်ဆင်လာနိုင်ကြောင်း နိုင်ငံရေး အကဲခတ်များက သတိပေးထားသည်။

 

ထို့ပြင် အဓိက ရေအားလျှပ်စစ်စီမံကိန်းများ လျာထားသည့် ကချင်ပြည်နယ် မြစ်ဆုံဒေသနှင့် သံလွင်မြစ်ပေါ်ရှိ ဆည်စီမံကိန်း နေရာအများစုသည် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ (EROs) များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားသည့် စစ်ရေးပြင်းထန်ရာ နယ်မြေများ ဖြစ်နေသည်။

 

ထို့ကြောင့် စစ်အုပ်စုအနေဖြင့် “စီမံကိန်းနယ်မြေ လုံခြုံရေး” ကို အကြောင်းပြကာ အဆိုပါဒေသများသို့ စစ်အင်အားတိုးချဲ့ပြီး စစ်ဆင်ရေးများ ပိုမိုလုပ်ဆောင်လာကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

 

လက်ရှိတွင် ရွေးတုအစိုးရသည် ရခိုင်ပြည်နယ်ရှိ သူဌေးချောင်းစီမံကိန်း၊ ရှမ်းပြည်နယ်ရှိ အထက် ကျိုင်းထောင်းနှင့် အထက်ရဲရွာစီမံကိန်း၊ နေပြည်တော်ရှိ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းများကို ဆက်လက်တည်ဆောက်နေကြောင်း သိရသည်။

 

ဓာတ်ပုံ-MOI