ဧရာဝတီတိုင်းမ်
(တောင်ငူ)၊ ဇွန် ၁၀ ရက်

 

ပဲခူးတိုင်း၊ တောင်ငူမြို့၊ (၆) ရပ်ကွက်ရှိ မေဃဝတီ စာသင်တိုက်မှ သာမဏေ (ကိုရင်) ၁၃ ပါးသည် တရုတ်နိုင်ငံထုတ် အစပ်ပြားမုန့်များ စားမိရာမှ အစာအဆိပ်သင့်ပြီး ယမန်နေ့ ဇွန် ၉ ရက် ညပိုင်းတွင်ဆေးရုံသို့ အရေးပေါ် တင်ပို့ကုသခဲ့ရကြောင်း စာသင်တိုက်နှင့် နီးစပ်သူများထံမှ သိရသည်။

 

အဆိုပါ အစာအဆိပ်သင့်ခဲ့သည့် ကိုရင် ၁၃ ပါးသည် စာသင်တိုက်အတွင်း တရုတ်နိုင်ငံထုတ် အစပ်ပြား များကို စားသောက်ပြီးနောက် ယခုကဲ့သို့ အရေးပေါ် ဆေးကုသမှု ခံယူခဲ့ရခြင်း ဖြစ်သည်။

“ကိုရင်တွေက အစုံစားတော့ ဘယ်မုန့်ကြောင့် ဖြစ်တာလဲလို့ အတိအကျပြောဖို့ ခက်ပေမယ့် နေ့လယ်ကတော့ တရုတ်နိုင်ငံထုတ် အစပ်ပြားတွေ စားကြတာ။ ညနေ ၅ နာရီလောက်မှာ အော့အန်ပြီး မူးဝေလာကြလို့ ဘာတွေစားလဲ မေးမြန်းကြည့်ပြီး ည ၇ နာရီဝန်းကျင်မှာ တောင်ငူမြို့ ပြည်သူ့ ဆေးရုံကြီးကို အရေးပေါ် တင်လိုက်ရတာ။ ဒီနေ့တော့ အခြေအနေ သက်သာကုန်ပါပြီ၊ ညနေလောက်ဆို ဆေးရုံက ဆင်းရမယ် ထင်တယ်” ဟု စာသင်တိုက်နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

စျေးကွက်အတွင်းရှိ အရည်အသွေးနှင့် စံချိန်စံညွှန်းမမီသော အချို့မုန့်များသည် ဓာတုဆိုးဆေးနှင့် ကြာရှည်ခံဆေးများ အလွန်အကျွံသုံးစွဲခြင်း၊ အရသာမှုန့်နှင့် ဓာတုပစ္စည်းများ အဆမတန် ထည့်သွင်း ခြင်းနှင့် ထုတ်လုပ်မှု သန့်ရှင်းမှု အားနည်းခြင်းတို့ကြောင့် စားသုံးမိသူများတွင် အစာ အဆိပ်သင့်ခြင်း၊ အော့အန်မူးဝေခြင်းများ ဖြစ်ပွားနိုင်သဖြင့် ၎င်းမုန့်မျိုးစုံကို စားသုံးခြင်းမပြုရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေး နှိုးဆော်ထားသည်။

 

ယခု အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သည့် မေဃဝတီ စာသင်တိုက်တွင် ကိုရင် အပါး ၃၀ နှင့် သံဃာ ၁၅ ပါး၊ စုစုပေါင်း သံဃာတော် ၄၅ ပါးဝန်းကျင် သီတင်းသုံး နေထိုင်ကြကြောင်း သိရသည်။

ဓာတ်ပုံ-CJ