ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းသို့ ရွေးတုအစိုးရစစ်တပ်က ငါးအိုးနှင့် မိုးမိတ်ဘက်မှစစ်ကူအင်အားအလုံးအရင်း ထည့်သွင်းထိုးစစ်ဆင်နေသဖြင့် ဒေသတွင်း တိုက်ပွဲများ ဆက်တိုက်ပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ်များနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက မဘိမ်းမြို့နယ်၊ ငါးအိုးအခြေစိုက် ခလရ (၁၂၁) မှတစ်ဆင့် ရွေးတုအစိုးရစစ်တပ်က စစ်ကြောင်းကြီး သုံးကြောင်းခွဲကာ ရွှေကူဘက်သို့ ဦးတည်ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။ KIA ပြောရေးဆိုခွင့်ရှိသူကလည်း ၎င်းတို့ဘက်မှ ခုခံတိုက်ခိုက်နေကြောင်း မီဒီယာများကို အတည်ပြုပြောကြားထားသည်။
”မနေ့က ဇွန် ၉ရက်နေ့မှာ ငါးလမ်းဆုံမှာ ထိတွေ့တိုက်ပွဲဖြစ်တယ်။ ဒရုန်း၊ လက်နက်ကြီးချတာကတော့နေ့တိုင်းပဲ” ဟု ကချင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းကို ပြောသည်။
လက်ရှိတွင် ရွှေကူမြို့ပေါ်သို့ စစ်ယာဉ်တန်းများဖြင့် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ထားသည်မှလွဲ၍ မြို့တွင်းသို့ မြေပြင်စစ်ကြောင်းများ ဝင်ရောက်ခြင်း မရှိသေးသော်လည်း မြို့အနီးရှိ ငါးလမ်းဆုံတွင် ရွေးတုအစိုးရစစ်တပ်က တပ်ဖြန့်ထားသဖြင့် ထိတွေ့တိုက်ပွဲအချို့ ရှိနေကြောင်း ဒေသခံများက ဆိုသည်။
ရွှေကူမြို့အနောက်ဘက် မြစ်ကြီးနားဗျူဟာလမ်းပိုင်းပေါ်တွင် ဗန်းမော်အခြေစိုက် စကခ (၂၁) လက်အောက်ခံ ခလရ (၅၆)၊ ခမရ (၆၀၂) တို့ စုဖွဲ့ထားသည့်အပြင် မန်စီနှင့် မိုးမောက်ဘက်မှ တပ်ပျက်၍ ဆုတ်ခွာလာသည့် အစိတ်အပိုင်းများနှင့် တပ်မ (၈၈) လက်အောက်ခံ နည်းဗျူဟာတစ်ခုလည်း ပူးပေါင်းလျက်ရှိသည်။
ထို့ပြင် မိုးမိတ်မြို့တွင် စုဖွဲ့ထားသည့် ရွေးတုအစိုးရစစ်တပ်အင်အား ၁,၀၀၀ ခန့်ကိုလည်း အရပ်သုံးမော်တော်ယာဉ်များဖြင့် ရွှေကူဘက်သို့ ထပ်မံရွှေ့ပြောင်း ဖြည့်တင်းနေကြောင်း သိရသည်။
အဆိုပါအခြေအနေများကြောင့် KIA တပ်မဟာ (၁၁)၊ တပ်ရင်း (၁၂) က ငါးအိုး-ရွှေကူ လမ်းပိုင်းကို အသုံးမပြုကြရန်နှင့် ပြည်သူများအနေဖြင့် မြို့မှ ဘေးလွတ်ရာ တိမ်းရှောင်ကြရန် ဇွန်လ ၈ ရက်နေ့က သတိပေးချက် ထုတ်ပြန်ထားသည်။
ရွှေကူမြို့ဝန်းကျင်တွင် စုဖွဲ့နေသည့် တပ်ပေါင်းစုများ၏ အဓိကရည်ရွယ်ချက်မှာ ဗန်းမော်ဘက်သို့ စစ်ချီရန် ဖြစ်ပြီး မန်စီနှင့် မိုးမောက်ကဲ့သို့သော စစ်ဗျူဟာအရ အရေးပါသည့်နေရာများတွင် တပ်ပျက်ဆုတ်ခွာခဲ့ရသည့် ရွေးတုအစိုးရစစ်တပ်အနေဖြင့် ၎င်းတို့၏ အဓိကအခြေစိုက်စခန်းကြီးဖြစ်သော ဗန်းမော်ကို လက်မလွှတ်ရစေရန် သို့မဟုတ် စစ်ရေးအသာစီး ပြန်ရရန် ရွှေကူလမ်းကြောင်းကို အသုံးပြု၍ အသည်းအသန် အင်အားပြန်ဖြည့်တင်းနေခြင်း ဖြစ်သည်။
မိုးမိတ် (ရှမ်းမြောက်) ဘက်မှ အရပ်သုံးယာဉ်များဖြင့် အင်အား ၁,၀၀၀ ခန့်ကို ရွှေကူ (ကချင်) ဘက်သို့ အလျင်အမြန် ပို့ဆောင်နေခြင်းမှာ ရွေးတုအစိုးရစစ်တပ်အနေဖြင့် စစ်မျက်နှာနှစ်ခုအကြား အင်အားကို လိုသလို အသုံးပြုနေရကြောင်း ပြသနေသည်။
ဤထိုးစစ်ဆင်မှုကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်များက ဖြတ်တောက်နိုင်ပါက ဗန်းမော်အပါအဝင် ကချင်ရှိ ရွေးတုအစိုးရစစ်တပ်၏ စစ်ရေးစွမ်းဆောင်ရည် အကြီးအကျယ် ကျဆင်းသွားနိုင်ကြောင်း စစ်ရေး လေ့လာသူများက သုံးသပ်သည်။
တိုက်ပွဲများကြောင့် ငါးအိုး-ရွှေကူ လမ်းပိုင်းလုံးဝ ပြတ်တောက်သွားနိုင်၍ ဒေသတွင်း ကုန်စည်စီးဆင်းမှုအခက်အခဲဖြစ်နိုင်ပြီး ရွှေကူနှင့် ဝန်းကျင်ကျေးရွာများမှ သောင်းနှင့်ချီသည့် ဒေသခံများ နေရပ်စွန့်ခွါရနိုင်သည့်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များ ထပ်မံပေါ်ပေါက်လာနိုင်သည်။
မြေပုံ- NZY