ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် နေထိုင်သည့် ခြောက်တန်းကျောင်းသား ကလေးငယ် တစ်ဦးသည် နှစ်ရက်ကြာ ပျောက်ဆုံးသွားခဲ့ပြီးနောက် ယနေ့ ဇွန် ၁၀ ရက်နေ့တွင် ရေကန်တစ်ခုအတွင်း၌ ရက်ရက်စက်စက် အသတ်ခံထားရသည့် ရုပ်အလောင်းအဖြစ် ပြန်လည်တွေ့ရှိရကြောင်း မိသားစု ဝင်များထံမှ သိရသည်။
အသတ်ခံရသူမှာ အသက် ၁၃ နှစ်အရွယ် ခြောက်တန်းကျောင်းသား မောင်မင်းခန့်ဇော် ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ဇွန်လ ၈ ရက် ညနေ ၄ နာရီခွဲအချိန်တွင် မြောက်ဒဂုံရှိ နေအိမ်မှ ထွက်ခွာသွားရာမှ ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မောင်မင်းခန့်ဇော်ကို မိသားစုဝင်များနှင့် ရပ်ကွက်လူထုက အသည်းအသန် လိုက်လံရှာဖွေခဲ့သော်လည်း ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၆ နာရီဝန်းကျင်အချိန်တွင် မြောက်ဒဂုံ၊ (၃၈) ရပ်ကွက် ကန်ဘောင်၌ ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
“ကျွန်တော့်တူလေး အနေအေးအေးလေးကိုမှ ဘယ်လိုလူမျိုးတွေက ရက်ရက်စက်စက် လုပ်ရက် လိုက်ကြတာလဲဗျာ။ ငါ့တူလေးရယ် မင်းအဖြစ်ကလည်း ဆိုးလိုက်တာကွာ။ ဘဝဆက်တိုင်းမှာ အခုလို ဖြစ်ဆိုးမျိုး မကြုံရပါစေနဲ့။ တူလေးရဲ့ ရုပ်အလောင်းကို စစ်ဆေးဖို့အတွက် မြောက်ဥက္ကလာပ ဆေးရုံကြီး ကို သယ်ဆောင်သွားခဲ့ရပါတယ်” ဟု ၎င်း၏ ဦးလေးတော်စပ်သူက လူမှုကွန်ရက်တွင် ရေးသား ထားသည်။
သေဆုံးသူ ကျောင်းသားလေး၏ ရုပ်အလောင်းမှာ ယနေ့ ဇွန်လ ၁၀ ရက် နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင်ပင် သင်္ဂြိုဟ်ခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကျောင်းသားလေး ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မိသားစုဝင်များက ရဲစခန်းတွင် တိုင်ကြားခြင်း၊ ရပ်ကွက်အတွင်း လိုက်လံရှာဖွေခြင်းနှင့် လူမှုကွန်ရက် Facebook ပေါ်တွင် အကူအညီတောင်းခံကာ ရှာဖွေခြင်းများ လုပ်ဆောင်ခဲ့သော်လည်း အသက်ဆုံးရှုံးလျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများတွင် တရားဥပဒေစိုးမိုးမှု လုံးဝကင်းမဲ့လာပြီး ကလေးလူကြီးမရွေး လူပျောက်ဆုံးမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့်အပြင် စစ်အုပ်စု၏ အဓမ္မစစ်မှုထမ်းဥပဒေဖြင့် လမ်းပေါ်တွင် ဖမ်းဆီးပေါ်တာဆွဲပြီး ငွေညှစ်မှုများပါ ခေတ်စား နေကြောင်း မြို့ခံများကထံမှ သိရသည်။
လက်ရှိမြို့ပြအခြေအနေနှင့်ပတ်သက်၍ “ခေတ်ကြီးက ဆိုးလွန်းလို့ ကလေးတွေကို ဟိုနားဒီနားလေး တောင် စိတ်မချရတော့ဘူး။ တစ်ယောက်တည်းလည်း အပြင်မလွှတ်ရဲတော့ဘူး။ ကလေးလူကြီး မရွေး အကုန်လုံး လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေရတယ်”ဟု ရန်ကုန်မြို့ခံ မိခင်တစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း နေပြည်တော်၊ ပျဉ်းမနားမြို့တွင် အိမ်နီးချင်းအမျိုးသားတစ်ဦးက ဓားဖြင့် ဝင်ရောက်ခုတ်သဖြင့် သားအမိနှစ်ဦးအနက် မိခင်ဖြစ်သူ သေဆုံးကာ ကလေးငယ်မှာ ပြင်းထန်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့တစ်ခု ထံမှ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်