ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

အာဏာသိမ်း စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရက ၎င်းတို့၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ထားမှုအတွက် အာဏာသိမ်းစဉ်ကတည်းက ထိတွေ့ဆက်ဆံနေသော အပစ်ရပ်စာချုပ် NCA အဖွဲ့အချို့နှင့် နေပြည်တော်တွင် အလွတ်သဘော တွေ့ဆုံပြ၍ နိုင်ငံတကာ အကူအညီများ ရရှိစေရန် ဆွေးနွေးခဲ့ ကြောင်း ထုတ်ပြန်ထားသည်။

ရွေးတုအစိုးရ လက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီ(NSPNC)သည် နေပြည်တော်တွင် ယမန်နေ့ ဇွန် ၉ ရက်မှစတင်၍ အဆိုပါအဖွဲ့များနှင့် တွေ့ဆုံနေပြီး သဘောထား စုစည်းချက်များကိစ္စအပေါ် ယနေ့ ဇွန် ၁၀ ရက်နေ့တွင် ဆက်လက် ဆွေးနွေးနေကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုအတွင်း စစ်အာဏာသိမ်းမှုကို နိုင်ငံရေးသဘောထား ကွဲလွဲမှုဟု သုံးနှုန်းဆိုကာ နိုင်ငံရေးနည်းဖြင့် ဆွေးနွေးအဖြေရှာရေးအတွက် သက်ဆိုင်သူများအား တိုက်တွန်းရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအညီများ ရရှိနိုင်ရေး စသည်တို့ကို ဆွေးနွေးကြောင်း သိရသည်။

ထို့အပြင် သက်ဆိုင်သူများအားလုံး ပါဝင်နိုင်မည့် အစည်းအဝေးကျင်းပရာ နေရာ (ပြည်တွင်း/ပြည်ပ) ကိုလည်း ရွေးချယ်နိုင်ရေး နှစ်ဖက်ဆွေးနွေးသလို NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ၄၃ ချက်အား ရွေးတုလွှတ်တော်သို့ တင်ပြမည်ဟု ဆိုသည်။

အဆိုပါ ဖွဲ့စည်းပုံသည် စစ်အုပ်စုအကြိုက် တစ်ဖက်သတ် ရေးဆွဲထားခြင်းဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ၄၃ ချက်သည်လည်း ယင်းတို့အချင်းချင်းကြား တိုင်ပင်လုပ်ဆောင်ထားကာ လက်ရှိအထိ တိတိပပ ထုတ်ပြန်ခြင်း မရှိသေးပေ။

တစ်ဖက်တွင်လည်း ရွေးတုအစိုးရသည် ၎င်းတို့ထိန်းချုပ်မရသော မြို့နယ်ဒေသများကို စစ်အုပ်ချုပ်ရေး ကြေညာကာ စစ်ရေးထိုးစစ် အရှိန်မြှင့်တင်နေပြီး အညံ့ခံ ဆွေးနွေးရန် ခုခံတော်လှန်နေကြသည့် EROs ၊ PDF များအား ရက် ၁၀၀ စီမံချက် ချမှတ်၍ ဝါဒဖြန့် ဖိတ်ခေါ်နေကြောင်း သိရသည်။

ရွေးတုအစိုးရ၏ ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်သည် အစစ်အမှန် မဟုတ်၍ စစ်အာဏာသိမ်းမှုကို ခုခံ တော်လှန်နေသည့် EROs ၊ PDF များက လက်ခံခြင်းမရှိသဖြင့် ၎င်းတို့နှင့် စစ်ရေးအရပူးပေါင်းထားသည့် ရှမ်းနီအမျိုးသားတပ်မတော် (SNA) နှင့် ပထမဆုံး တွေ့ဆုံထားသည်။

ခုခံတော်လှန်မှု အားကောင်းသော ကချင်၊ စစ်ကိုင်းတွင် စစ်ရေးပူးပေါင်း လှုပ်ရှားနေသည့် ရှမ်းနီတပ် ထိပ်ပိုင်းခေါင်းဆောင်များကို နေပြည်တော်သို့ ဖိတ်ခေါ်၍ ဇွန် ၄ ရက်က တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ယင်းနောက် ယခင်အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုး အဖွဲ့အချို့အား ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။

ယနေ့အထိ ပြုလုပ်နေသည့် နှစ်ရက်တာ ဆွေးနွေးပွဲကို အပစ်ရပ်အဖွဲ့အချို့က 7 EAO Alliance ကိုယ်စားပြုအဖြစ် တက်ရောက်ပြီး ယင်းအဖွဲ့မှာ လက်ရှိအထိ အာဏာသိမ်း စစ်အုပ်စုနှင့် ထိတွေ့ ဆက်ဆံနေသော NCA လက်မှတ်ရေးထိုး အဖွဲ့အချို့၊ လူပုဂ္ဂိုလ်ဖြင့် ပြန်လည်ဖွဲ့စည်း ထားခြင်းဖြစ်သည်။

ယင်းအဖွဲ့အချို့မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC))၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဖြစ်သည်။

ယခင်က အပစ်ရပ်စာချုပ် NCA ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့ရှိပြီး စစ်အာဏာသိမ်းမှုကို လက်မခံသဖြင့် ကရင်အမျိုးသားအစည်း အရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) နှင့် NCA ရေးထိုးထားခြင်းမရှိသည့် EROs များက တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များအတု စစ်အုပ်စုကို ခုခံတော်လှန်လျက်ရှိသည်။

ဓာတ်ပုံ-MOI