‎ဧရာဝတီတိုင်းမ်
‎ဇွန် ၁၀ရက်


‎မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ယနေ့ ဇွန် ၁၀ ရက် နံနက်ပိုင်းတွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDF စစ်ရုံးချုပ်က ထုတ်ပြန်သည်။

‎အဆိုပါ မြစ်ခြေမြို့တွင် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ရွေးတုအစိုးရ စစ်တပ်က ပြည်သူလူထုပိုင် နေအိမ်အဆောက်အအုံပေါင်း ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သဖြင့် ယခုကဲ့သို့ လက်တုံ့ပြန်ချေမှုန်းရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

PDF တပ်ဖွဲ့ဝင်များသည် ယနေ့ ဇွန် ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်က NUG ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာန၏ ဦးဆောင်ကွပ်ကဲမှုဖြင့် မြစ်ခြေရဲစခန်းကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

စစ်ဆင်ရေးစတင်ပြီး ၁ နာရီအကြာ နံနက် ၅ နာရီတွင် အဆိုပါစခန်းအား အပြီးသတ် ချေမှုန်းသိမ်း ပိုက်နိုင်ခဲ့ကြောင်း PDF စစ်ရုံးချုပ်ထံမှ သိရသည်။

‎စခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ နှစ် ဦး သေဆုံးခဲ့ပြီး ၁၄ ဦးမှာ လက်နက်ချအညံ့ခံခဲ့သဖြင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်။ ထို့အပြင် ၎င်းတို့ထံမှ G-3 ရိုင်ဖယ် ၁၈ လက်၊ M79 ဗုံးပစ်လောင်ချာ ၁ လက်၊ခြောက်လုံးပြူးသေနတ် ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ G-3 ကျည်ဘောက် ၂၇ ဘောက် နှင့် ကျည်တောင့် ၁,၉၀၈ တောင့်၊ လက်လုပ်လေသေနတ် ၁ လက် နှင့် ကျည်ကာဦးထုပ် ၇ လုံးတို့ကို သိမ်းဆည်း ရရှိခဲ့သည်။

‎လက်ရှိတွင် ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း ၁၄ ဦးကို နိုင်ငံတကာစစ်ဥပဒေ နှင့်အညီ စနစ်တကျ ထိန်းသိမ်းထားပြီး မြစ်ခြေရှိ အရပ်သားပြည်သူများကို ရက်စက်စွာ မီးရှို့သတ်ဖြတ်၍ စစ်ရာဇ ဝတ်မှုကျူးလွန်ခဲ့သူများကိုမူ စစ်ဘက်ဆိုင်ရာဥပဒေများနှင့်အညီ စိစစ်ဖော်ထုတ်ကာ စစ်တရားရုံးတွင် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ပြတ်ပြတ်သားသား ထုတ်ပြန်ထားသည်။

 

‎PDF စစ်ရုံးချုပ်က စစ်တပ်၏ အကြမ်းဖက်နှိပ်စက်မှုကြောင့် သေဆုံးခဲ့ရသည့် မြစ်ခြေဒေသခံ မိဘ ပြည်သူများအတွက် ဝမ်းနည်းကြောင်းနှင့် ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်း မေတ္တာပို့သ ထားပြီးပြည်သူ လူထုကို ကာကွယ်စောင့်ရှောက်ရန် သမိုင်းပေးတာဝန်အတိုင်း စစ်တပ်ကို အပြီးတိုင် ချေမှုန်းနိုင်ရေး စစ်မျက်နှာအသီးသီးတွင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထား သည်။

ဓာတ်ပုံ-PDF စစ်ရုံးချုပ်