နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်
မြန်မာနိုင်ငံနှင့် မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားသော နယ်နိမိတ်ချင်း ထိစပ်လျက်ရှိနေသည့် တရုတ်နိုင်ငံသည် ရွေးတုအစိုးရ အသွင်ဆောင် အာဏာသိမ်းစစ်အုပ်စုအတွက် မရှိမဖြစ် အိမ်နီးချင်း နိုင်ငံ ဖြစ်သည်။ ယင်းအပြင် တရုတ်နိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု အများဆုံးရှိထားသည့် ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသော နိုင်ငံပေါင်း ၅၃ နိုင်ငံအနက် အဆင့် ၂ နေရာတွင် ခိုင်ခိုင်မာမာ ရပ်တည်နေပြန်သည်။
သို့သော် လက်ရှိ နေပြည်တော်စစ်အုပ်စု၏ အဓိကစိန်ခေါ်မှုမှာ တရုတ်နိုင်ငံ မရှိခြင်းမဟုတ်ဘဲ တရုတ် တစ်နိုင်ငံတည်းအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရခြင်းဖြစ်၍ ၎င်းတို့၏ ဖိအားများကို လျှော့ချနိုင်ရန် ရွေးတုအစိုးရအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။
ထို့ကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရွေးတုသမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် အိန္ဒိယနိုင်ငံသို့ ဦးတည်ရွေးချယ်ခဲ့ခြင်းသည် သာမန်သံတမန်ရေး လည်ပတ်မှုထက် ပိုမိုနက်ရှိုင်းသော မဟာဗျူဟာမြောက် အဓိပ္ပာယ်များ ရှိနေသည်။ ရွေးတုသမ္မတ၏ အဆိုပါ လှုပ်ရှား မှုသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဦးတည်ချက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနေသလား သို့မဟုတ် ရွေးချယ်စရာ လမ်းကြောင်းများကို တိုးချဲ့ရန် ကြိုးစားနေခြင်းလား ဆိုသည့် မေးခွန်းများကို ဖြစ်ပေါ်စေခဲ့သည်။
တရုတ်၏ အရိပ်
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်စုသည် အနောက်နိုင်ငံများ၏ ပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများနှင့် သံတမန်ရေးအရ ဝိုင်းပယ်မှုများကို ရင်ဆိုင်နေရသည်။ ထိုအခြေ အနေတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့သည် နေပြည်တော်၏ အဓိက ပြင်ပမိတ်ဖက်များ ဖြစ်လာခဲ့ပြီး တရုတ်နိုင်ငံ၏ အရေးပါမှုမှာလည်း စီးပွားရေးအဆင့်တွင်တင်သာ ရပ်မနေတော့ပေ။
ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ နှစ်နိုင်ငံ စီးပွားရေးစင်္ကြံစီမံကိန်း (CMEC) နှင့် နယ်စပ်ကုန်သွယ်ရေးများကြောင့် တရုတ်၏ အကျိုးစီးပွားများသည် မြန်မာနိုင်ငံအတွင်း နက်ရှိုင်းစွာ ခြေကုပ်ယူထားပြီးဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခများနှင့် နယ်စပ်ဒေသလုံခြုံရေး ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ ဩဇာသည် နေပြည်တော်က လျစ်လျူရှု၍ လုံးဝမရနိုင်သည့် အဆင့်သို့ ရောက်ရှိနေသည်။
တရုတ်သည် မြန်မာနိုင်ငံအတွက် မရှိမဖြစ် မိတ်ဖက်ဖြစ်သလို နိုင်ငံတွင်း မတည်ငြိမ်မှုများအပေါ် အသုံးချကာ ဖိအားပေးလေ့ရှိသော အိမ်နီးချင်းနိုင်ငံလည်းဖြစ်ကြောင်း နိုင်ငံရေးသုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ထောက်ပြသည်။
“တရုတ်ကို လိုအပ်ပေမယ့် စိုးရိမ်တယ်ဆိုတဲ့ ပြောဆိုချက်ကို အဓိကအားဖြင့် ထောက်ခံတယ်။ ဒါက တရုတ်မှ မဟုတ်ဘူး၊ ဘယ်နိုင်ငံကိုမဆို အကျိုးစီးပွားအခြေပြု ချဉ်းကပ်တိုင်း ရှိထားရမယ့် သတိတရား ဖြစ်တယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။
လူရာဝင်လို၍ထွက်ပေါက်ရှာခြင်း
မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်သည် အချိန်ကိုက် ထွက်ပေါ်လာသလို ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာတွင် ချဉ်ဖယ်ခံထားရသည့် ဘဝမှ တဖြည်းဖြည်း ပြန်လည်ရုန်းထွက်နိုင်ရန် ကြိုးပမ်းသည့် သံတမန်ရေး ထွက်ပေါက်တစ်ခုလည်း ဖြစ်နေသည်။ ရွေးတုသမ္မတသည် ဒေသတွင်း သံတမန် ရေးဆက်ဆံမှုများကို တိုးမြှင့်ရန် ကြိုးစားနေခြင်းဖြစ်ပြီး ၎င်းတို့အတွက် နိုင်ငံတကာ အသက်ရှူ ပေါက်တစ်ခု ဖန်တီးရန် မျှော်လင့်ချက်လည်း ဖြစ်နိုင်သည်။
စင်စစ် ရွေးတုသမ္မတအဖြစ် အသွင်ပြောင်းထားသည့် စစ်ခေါင်းဆောင်သည် ယခုခရီးစဉ်မတိုင်မီ ပြီးခဲ့သည့် မေလအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ရန် စီစဉ်ပြင်ဆင်မှုများ ရှိခဲ့သော်လည်း ပေကျင်းဘက်က အဆင့်မြင့်လက်ခံရန် ငြင်းဆန်မှုကြောင့် ပျက်ပြားခဲ့ရသည်။ ယင်းနောက် ရုရှားနိုင်ငံသို့ သွားရောက်နိုင်ရန် သံတမန်ချင်း ထိတွေ့မှုများမှတစ်ဆင့် အသည်းအသန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ နောက်ဆုံးတွင် အိန္ဒိယဘက်က ဖိတ်ကြားလာမှုကို သံတမန်ရေး အသက်ရှူ ပေါက်အဖြစ် အမိအရ ဆုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယကဘာကြောင့် စိတ်ဝင်စားသလဲ
ပထဝီနိုင်ငံရေး ကစားကွက်တွင် စစ်အုပ်စုတစ်ဖက်တည်းတွင်သာ အလိုဆန္ဒ ရှိနေခြင်းမဟုတ်ဘဲ နယူးဒေလီတွင်လည်း ကိုယ်ပိုင်အကျိုးစီးပွားများ အခိုင်အမာ ရှိနေသည်။ အိန္ဒိယ၏ “အရှေ့မျှော်ဝါဒ ” နှင့် “အိမ်နီးချင်း ပထမမူဝါဒ” တို့တွင် မြန်မာသည် အချက်အချာကျသော မဟာဗျူဟာမြောက် နိုင်ငံဖြစ်သည်။
မြန်မာသည် အိန္ဒိယနှင့် နယ်စပ်ချင်း ထိစပ်နေသည့် တစ်ခုတည်းသော အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်များ၏ လုံခြုံရေး၊ ကုန်သွယ်ရေးလမ်းကြောင်းနှင့် အရှေ့တောင် အာရှသို့ ဝင်ရောက်ရာ ကုန်းတွင်းတံခါးပေါက်လည်း ဖြစ်သည်။ ထို့အပြင် အမေရိကန်၊ တရုတ်တို့နှင့် အပြိုင် အိန္ဒိယသည် မြန်မာ့မြေရှားသတ္တုသိုက်ကို စိတ်ဝင်စားနေပြီး မြန်မာအပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရန် အခွင့်အလမ်းအဖြစ် ရှုမြင်နေသည်။
“စစ်တပ်ကို အိန္ဒိယက တရုတ်နဲ့ မနီးစေချင်ဘူး၊ မြန်မာအပေါ် တရုတ်က ကြိုက်သလို ဩဇာ မလွှမ်းမိုးစေချင်ဘူး။ အဲဒါကြောင့်မို့လို့ပဲ အခုလို ဟန်ချက်ညီမှု Balance of Power လုပ်လာတာ ဖြစ်တယ်” ဟု အိန္ဒိယ-မြန်မာအရေး အကဲခတ် R. Lakher က ပြောသည်။
မြန်မာ့စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရွေးတုသမ္မတအဖြစ် သွားရောက်ခဲ့သည့် အိန္ဒိယခရီးစဉ်ကို “တရုတ်ထံမှ လုံးဝခွာထွက်ခြင်း” ဟု ကောက်ချက်ချခြင်းသည် လက်တွေ့ပထဝီနိုင်ငံရေးထက်စာလျှင် ရိုးရှင်းလွန်းလှသည်။ တစ်နည်းအားဖြင့် အာဏာသိမ်း မင်းအောင်လှိုင်သည် အိန္ဒိယကို တရုတ်နိုင်ငံ၏ အစားထိုးလဲလှယ်မှုအဖြစ် ရွေးချယ်နေခြင်းမဟုတ်ဘဲ အင်အားကြီး နှစ်နိုင်ငံစလုံးနှင့် ဆက်ဆံရေးကို တိုးချဲ့ကာ ကြားညှပ်ကစားရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။
အိန္ဒိယသည် တရုတ်၏ သြဇာကို လျော့ချလိုသလို၊ နေပြည်တော်သည်လည်း တရုတ်တစ်နိုင်ငံ တည်းအပေါ် မှီခိုနေရမှုကို လျော့ချလိုနေကြောင်း အကဲခတ်များကလည်း သုံးသပ်ထားသည်။
“ယနေ့ မြန်မာဟာ အင်အားကြီးနိုင်ငံတွေရဲ့ ကစားကွင်း ဖြစ်နေပြီး ကစားသမား ဖြစ်လာဖို့လည်း အခွင့်အရေး ရှိဆဲပဲ ဖြစ်ပါတယ်။ လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း ဖြစ်နိုင်ခြေ ၃ ခု ရှိနိုင်ပါတယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။
ဒေါက်တာစိုင်းကြည်ဇင်စိုးဆိုလိုသည့် ဖြစ်နိုင်ခြေ အလားအလာ သုံးခုမှာ တရုတ်စီစဉ်မှုဖြင့် သဘော တူညီမှုများ အဆုံးသတ်မှုမရှိဘဲ ကြာရှည်နေခြင်း ၊ တော်လှန်ရေး ခုခံတွန်းလှန်မှု အောင်မြင်နေခြင်းနှင့် နိုင်ငံတကာ၏ ပါဝင်ဆောင် ရွက်မှုတို့ဖြစ်သည်။
စစ်အုပ်စု၏ တကယ့်စိန်ခေါ်မှု
ရွေးတုသမ္မတ၏ အိန္ဒိယခရီးစဉ်သည် သံတမန်ရေးအရ အရေးပါသော ဖြစ်ရပ်တစ်ခု ဖြစ်သော်လည်း တရုတ်နှင့် လမ်းခွဲခြင်း မဟုတ်သလို အိန္ဒိယဘက်သို့ လုံးလုံးလျားလျား ဘက်ပြောင်းခြင်းလည်း မဟုတ်ပေ။ စစ်အုပ်စုသည် ပေကျင်းနှင့် နယူးဒေလီ ကြားထဲတွင် ၎င်းတို့အတွက် ရွေးချယ်စရာများနှင့် ချိန်ခွင်လျှာညှိကစား ကွက်များကို ပိုမိုဖန်တီးရန် ကြိုးစားနေခြင်းမျိုးသာဖြစ်သည်။
ထို့ကြောင့် မြန်မာ့အနာဂတ်နှင့် စစ်အုပ်စု၏ ကံကြမ္မာကို အဓိက ဆုံးဖြတ်ပေးမည့်အချက်မှာ တရုတ်၊ အိန္ဒိယတို့နှင့် ဆက်ဆံရေးထက် ပြည်တွင်းစစ်ပွဲများ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်များနှင့် ပြည်တွင်း နိုင်ငံရေး အကျပ်အတည်းများကို မြေပြင်တွင် မည်သို့ကိုင်တွယ် ဖြေရှင်းနိုင်မည်ဆိုသည့် အချက်သာလျှင် ပကတိအမှန်တရား ဖြစ်နေပေသည်။