ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

 

ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် မရှိသည့် ရွှေ့ပြောင်းအလုပ်သမားများကို ငှားရမ်းခြင်းနှင့် တားမြစ်ထားသည့်အလုပ်အကိုင် အမျိုးအစားများက်ို လုပ်ကိုင်စေခြင်းများကို မပြုကြရန် စီးပွါးရေးလုပ်ငန်းရှင်များကို ထိုင်းအစိုးရက သတိပေးလိုက်ကြောင်း သိရသည်။

 

အဆိုပါစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ၂၀၁၇ ခုနှစ် နိုင်ငံခြားသားများအလုပ်အကိုင် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအရ တင်းကြပ်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ထိုင်းအစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

 

ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်နိုင်သည့် အလုပ်အကိုင်များရှိပြီး ၎င်းတို့မှာ ထိုင်းရိုးရာအနှိပ်လုပ်ငန်း၊ ဆံပင်ညှပ်ခြင်း၊အလှပြင်ခြင်း၊ ကားအငှါးမောင်းနှင်ခြင်း၊ ဧည့်လမ်းညွှန်လုပ်ကိုင်ခြင်း၊ စာရေးနှင့် ဥပဒေရေးရာလုပ်ငန်းများ၊ ရိုးရာလက်မှုပညာအလုပ်အကိုင်များ စသည်တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါအလုပ်အကိုင်များကို ရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်ခွင့်တားမြစ်ထားခြင်းမှာ ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများကို ကာကွယ်ရန်ဖြစ်ကြောင်းလည်း ထိုင်းအစိုးရက ပြောဆိုခဲ့သည်။

 

အလုပ်ရှင်များအနေဖြင့် တရားမဝင် အလုပ်သမားများကိုငှါးရမ်းသည်ဖြစ်စေ တားမြစ်ထားသည့် အလုပ်အကိုင်များတွင် အလုပ်ခန့်ထားသည်ဖြစ်စေ တွေ့ရှိပါက အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဒဏ်ငွေချမှတ်ခံရမည်ဖြစ်ပြီး ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ် နှင့် ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ အထိ ဒဏ်ငွေ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

 

ထို့ပြင် အလုပ်သမားများအနေဖြင့်လည်း ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ပြည်နှင်ဒဏ်အထိ ပေးခံရနိုင်ကာ အလုပ်လုပ်ကိုင်ခွင့် ၂ နှစ်အထိ ပိတ်ပင်ခံရနိုင်ကြောင်းလည်း သိရသည်။

 

ထိုင်းအစိုးရတာဝန်ရှိသူများသည် ယခု ၂၀၂၆ ခုနှစ်အတွင်း ရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုက်နေသည့် စက်ရုံ အလုပ်ရုံ ၇၄၀၀၀ ကျော်ကိုစစ်ဆေးခဲ့ရာ ထိုင်းနိုင်ငံသားများသာ လုပ်ခွင့်ရှိသည့် အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမား ၁၇၀၀ ကျော်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

 

ကိုးကား – Khaosod English