ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၅ ရက်

 

လက်ရှိပြိုကျလျက်ရှိနေသော ညောင်တုန်းကျွန်းတာ ( ဧရာဝတီမြစ်ခွဲ တိုးမြစ်) တာမိုင် ၁၁/ ၆ မှ ၁၁/၇ မိုင်ကြားတွင် ယနေ့ မနက်ပိုင်း၌ ပေ ၃၀၀ ခန့်မြေသားထပ်မံပြိုကျသွားသဖြင့် ယခုဆယ်ရက်အတွင်း စုစုပေါင်း တစ်ဖာလုံ ( ပေ ၆၀၀ ) ခန့်မြေသားပြိုသွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

 

ဧရာဝတီတိုင်း၊ ညောင်းတုန်းမြို့နယ် ဂန်ချောင်းကျေးရွာအနီး ညောင်တုန်းကျွန်းတာသည် စက်တင်ဘာ ၅ ရက်တွင် ပေ ၃၀၀ ခန့်ထပ်မံပြိုသွားရာ ဩဂုတ် ၂၅ ရက်တွင် အလျားပေ ၃၀၀၊ အနံ ၄၅ ပေခန့် တာကိုယ်ထည် တိုက်စားပြိုကျထားသဖြင့် စုစုပေါင်း ပေ ၆၀၀ ( တစ်ဖာလုံ) ခန့်ပြိုကျသွားခြင်းဖြစ်သည်။

အဆိုပါညောင်တုန်းကျွန်းတာ တာမိုင် ၁၁/ ၅ နှင့် ၁၁/ ၆ ကြားတွင်လည်း အလျားပေ ၃၅၀ ခန့် တာကိုယ်ထည် မြေသားပြိုကျမှုဖြစ်ပေါ်နေခြင်းဖြစ်၍ တာမိုင် ၁၁/ ၅ ဖာလုံမှ ၁၁/၇ ဖာလုံကြား မြေတာမံတစ်ဆက်တည်း ပြိုကျသွားပါက တာကျိုးသွားပြီးရေလွှမ်းမိုးခံရနိုင်ခြေရှိကြောင်းသိရသည်။

 

လက်ရှိတွင်တာပြိုသွားသော်လည်း ရေကြီးရေလျှံသည့်အထိ ရေဝင်ရောက်မှုမရှိသေးသော်လည်း မြေသားထဲမှအခြားတစ်ဖက်သို့ ရေများစိမ့်ဝင်နေမှုရှိကြောင်း ညောင်တုန်းဒေသခံတစ်ဦးက ပြောကြားသည်။

 

“ ဒီမနက်‌ခြောက်နာရီမှာပဲပြိုကျသွားတာ။ အရင်ပြိုကျနေတဲ့ တာမိုင် ၁၁/၆ နဲ့ ၁၁/ ၇ ကြားထဲက ကျန်တာပြိုကျသွားတယ်။ အရင်ပြိုတာနဲ့တစ်ဆက်တည်း ပြိုကျသလိုဖြစ်သွားတယ်။ တာရှေ့က ရေဝဲထိန်းတွေလည်းပါသွားတယ်။ ရေက တာမံကိုလာရိုက်တော့မခံနိုင်ဘူး” ဟု ညောင်တုန်းက ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

တိုးမြစ်၏ မြစ်ရေတိုက်စားမှုကြောင့်ပြိုကျသွားသည့် ညောင်တုန်းကျွန်းတာ ကာကွယ်ရေးအတွက် သဲအိတ်ချ တာခြေထောက်ပြုလုပ်နေသော်လည်း ယခုအခြေအနေအတိုင်းဆိုလျှင်အခြေအနေမကောင်းကြောင်း၊ လူအင်အားစက်အင်အားများဖြင့်ကာကွယ်မှသင့်လျော်နိုင်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

 

ရွေးတုသမ္မတမင်းအောင်လှိုင်သည် ညောင်တုန်းတာပြုပြင်မှုကို ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့က သွားရောက်ကြည့်ရှုပြီး ရေဝင်ရောက်မှုထိန်းချုပ်ရေး၊ တာဘောင်ရေရှည်ခိုင်ခံ့ရေး၊ အရေးပေါ်အခြေအနေများလိုအပ်သည့် ပစ္စည်းများနှင့် စက်ယန္တရားကြိုတင်ပြင်ထားရန်ပြောကြားသော်လည်း လက်တွေ့အခြေအနေမှာပင် ညောင်တုန်းတာပြိုကျမှုကိုထိန်းသိမ်းနိုင်ခြင်းမရှိကြောင်း သိရသည်။

 

အဆိုပါ ညောင်တုန်းကျွန်းတာရှိရာ ဂန်ချောင်းရွာသည် ရန်ကုန် – မအူပင်ကားလမ်းဘေးတွင်တည်ရှိသည်။

 

ညောင်တုန်းမြို့သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၀ ပေတွင်တည်ရှိကာ မြစ်ဝကျွန်း‌ပေါ်ဒေသဖြစ်ပြီး ချောင်း၊ မြောင်း၊ အင်းအိုင်ပေါများ၍ ဧရာဝတီမြစ်၊ ပန်းလှိုင်မြစ်နှင့် ဘောလယ်မြစ်တို့တည်ရှိသည်။

 

ဓာတ်ပုံ – လူမှူကွန်ရက်