ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်
အရှေ့အလယ်ပဋိပက္ခအရေးနှင့်ပတ်သက်ပြီး စက်သုံးဆီချွေတာရေးအတွက် အကန့်အသတ်ဖြင့်ရောင်းချနေရာ ယခုတစ်ပတ်တွင် စက်သုံးဆီဆိုင်များ ခွဲတမ်းရရှိမှုနည်းသဖြင့် ပြန်လည်တန်းစီးဝယ်ယူနေရကြောင်းသိရသည်။
ယခုတစ်ပတ်အတွင်း ရန်ကုန်မြို့ကြီးအပါအဝင် နယ်မြို့များရှိ စက်သုံးဆီအရောင်းဆိုင်ပေါ်မူတည်ပြီး တန်းစီစောင့်ဆိုင်းရကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောကြားသည်။
”ဒီရက်ထဲဆီပြန်တိုးရတယ်။ နာမည်ကြီးဆိုင်တွေမှာ တိုးရတယ်။ အရင်လို လေး၊ ငါးနာရီစောင့်ရတာတော့ မဟုတ်ဘူး။ ခဏပေါ့။ အရောင်းဝန်ထမ်းပြောတော့ ခွဲတမ်းရတာနည်းလို့ဆိုတယ် ” ဟု ရန်ကုန်မြို့ခံ တက္ကစီမောင်းသူတစ်ဦးက ဆိုသည်။
ထို့ပြင်မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ စက်သုံးဆီဆိုင်အချို့တွင် စက်သုံးဆီတန်းဝယ်ယူနေရကြောင်း ပြင်ဦးလွင်မြို့ခံတစ်ဦးက ဆိုသည်။
”အဝိုင်းနားက regency ဆီဆိုင်မှာတန်းစီနေရတယ်။ တစ်တန်းကြီး အဲဒီဟိုဘက်ရှေ့က ထူးဆီဆိုင်မှာကျလူမရှိဘူး။ အချို့ဒေသဆိုင်တွေဆိုလည်း ဆီမရှိလို့ပိတ်ထားရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ယမန်နေ့တွင် စက်သုံးဆီဈေးအနည်းငယ်ကျပြီး ရန်ကုန်မြို့အခြေခံရည်ညွှန်းဈေးနှုန်းတွင် ၉၂ တစ်လီတာ ၄,၃၄၅ ကျပ်၊ ၉၅ တစ်လီတာ ၄,၃၈၅ ကျပ်၊ ပရီမီယံဒီဇယ် ၅,၁၁၅ ကျပ်၊ ဒီဇယ် ၄,၂၂၀ ကျပ်ရှိကြောင်းထုတ်ပြန်ထားသည်။
ထိူ့အပြင် ဇွန် ၄ ရက်နေ့အတွက် ရန်ကုန်မြို့အခြေခံရည်ညွှန်းဆီဈေးနှုန်းများမှာ ၉၂ တစ်လီတာ ၄,၅၅၀ ကျပ်၊ ၉၅ တစ်လီတာ ၄,၆၂၀ ကျပ်၊ ပရီမီယံဒီဇယ် ၅,၅၅၀ ကျပ်၊ ဒီဇယ် ၄,၅၉၅ ကျပ်ဖြစ်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်