‎ဧရာဝတီတိုင်းမ်
‎ဇွန် ၆ ရက်

‎ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့နှင့် ကျေးရွာများ အတွင်းကို ရွေးတုအစိုးရစစ်တပ်က လေကြောင်းမှ နေ့စဉ်နီးပါးပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် လူထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

‎‎လေးတောင်မြို့၊ အမှတ် ၂ရပ်ကွက်အတွင်းကို ယမန်နေ့ ‌ဇွန် ၅ရက် ညနေ ငါးနာရီခန့်မှစ၍ စစ်တပ်က မိနစ် သုံးဆယ်ကြာသည်အထိ အသေခံ ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ပြီး လေကြောင်းမှပါ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့သည့်အတွက် အသက်၁၉နှစ်အရွယ် လူငယ်တစ်ဦးသေဆုံးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

‎”မနေ့က အသေခံဒရုန်းလို့ထင်တယ် လေးစီးနဲ့လာချတယ်။ လေကြောင်းကလည်း ချတယ်။ ကျောက်ဖြူဘက်က အလုပ်လာလုပ်တဲ့ ကောင်လေး သေသွားတယ်ပြောပါတယ်” ဟု ကျောက်ဖြူ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

‎ထို့အပြင် ဆန်တက်မော်တံတားဝနှင့် ဇင်ချောင်းဘောင်လန်တောင်ကြားရှိ စစ်သင်္ဘောများမှလည်း လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ပြီးချိန်မှစကာ အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

‎လေးတောင်မြို့နယ် အမှတ် ၄ရပ်ကွက်ကို ပြီးခဲ့သည့် ရက်ပိုင်း ဇွန် ၄ရက်က အသေခံဒရုန်း နှစ်စီးဖြင့် စစ်တပ်က လာရောက်တိုက်ခိုက်သည့်အတွက် လူနှင့် ကျွဲ၊နွား တိရစ္ဆာန်များ ထိခိုက်ခဲ့ပြီး နေအိမ်အချို့ပျက်စီးခဲ့သည်။

‎ကြောင်ချတွင်းရွာရှိ စစ်ရှောင်စခန်းတစ်ခုကိုလည်း ဇွန် ၁ရက်နေ့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် စစ်ဘေးရှောင် နှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

‎စစ်တပ်က ရမ်းဗြဲ- ကျောက်ဖြူလမ်းပိုင်းကို အပြည့်အဝစိုးမိုးလို၍ စစ်ကြောင်းများ လမ်းပေါင်းစုံမှ တိုးနေသော်လည်း တပ်လန်ပြီး ကျောက်ဖြူစစ်မျက်နှာတွင် ရှုံးနိမ့်နေသည့်အတွက် AAစိုးမိုးနယ်မြေများကို လေကြောင်း၊ ရေကြောင်းမှ ဆက်တိုက် တိုက်ခိုက်နေခြင်းဖြစ်သည်။