ဧရာဝတီတိုင်းမ်
ဇွန် ၆ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ၏ အိန္ဒိယခရီးစဉ်အပြီး ၎င်းလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေကို ဖိတ်ခေါ်၍ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်း နှစ်ဖက်စလုံးက အတည်ပြု ထုတ်ပြန်သည်။
ဦးတင်မောင်ဆွေသည် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ယမန်နေ့ ဇွန် ၅ ရက်၌ တွေ့ဆုံပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI)အပါအဝင် စီမံကိန်းများ တိုးမြှင့်လုပ်ဆောင်ရန် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုအတွင်း လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်ရေး၊ နယ်စပ်ဒေသအခြေအနေ၊ ကျားဖြန့်ကိစ္စ တိုက်ဖျက်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်၍ အကျိုးတူပူးပေါင်းများ တိုးမြှင့်သွားရေးတို့ သဘောတူခဲ့သည်ဟုဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးက နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းခြင်းဖြင့် နားလည်မှုနှင့် ယုံကြည်မှုကို မြှင့်တင်သွားပြီး ကဏ္ဍစုံ၌ အကျိုးတူပူးပေါင်းမှုများ တိုးမြှင့်ဖော်ဆောင်သွားမည်ဟု ပြောဆိုခဲ့ကြောင်း ရွေးတုအစိုးရ၏ ဝါဒဖြန့် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ယင်းအခြေအနေနှင့် ပတ်သက်၍ တရုတ်သံရုံးအပါအဝင် တရုတ်အစိုးရ သတင်းဌာနကလည်း နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုကို မြှင့်တင်ရန်၊ မြန်မာ့ဖွံ့ဖြိုးတိုးတက်မှု ပြန်လည်ဦးမော့လာရေးကို အရှိန်အဟုန်မြှင့် ကူညီပေးလိုကြောင်းနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုဟု ထုတ်ပြန်ထားသည်။
သို့သော် လက်တွေ့၌မူ တရုတ်နိုင်ငံအနေနဖြင့် မြန်မာ့ပြည်တွင်းရေးကို နည်းမျိုးစုံ ဝင်ရောက်စွက်ဖက်၍ အာဏာသိမ်း စစ်အုပ်စု၏ အသွင်ပြောင်း ရွေးတုအစိုးရဘက်မှ အားပေးထောက်ခံ ကူညီပံ့ပိုးနေပြီး ခုခံတော်လှန်နေသည့် EROs အပါအဝင် တော်လှန်ရေး အင်အားစုများအား ဖိအားပေးလျက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ခေါ်ယူတွေ့မှုသည်လည်း ရွေးတုသမ္မတအဖြစ် ငါးရက်ကြာ အိန္ဒိယနိုင်ငံသို့ သွားရောက်သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခရီးစဉ်အပြီး နောက်တစ်နေ့ ဇွန် ၄ ရက်မှ ယနေ့ ၆ ရက်အထိ လာရောက်ရန် တရားဝင် ဖိတ်ကြားခြင်းဖြစ်ကာ နှစ်ဖက်ဝါဒဖြန့်မှုများသာ ထုတ်ပြန်ဖော်ပြထားကြောင်း သိရသည်။
တရုတ်အစိုးရသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီ လိုလားချက်များနှင့် လူ့အခွင့်အရေးများကို ဂရုမစိုက်ဘဲ ၎င်းတို့စီမံကိန်း၊ အကျိုးစီးပွားများနှင့် နယ်စပ်တည်ငြိမ်ရေးကိုသာ ဦးစားပေးနေ၍ တော်လှန်ရေး အင်းအားစုများအား သွယ်ဝိုက်ဖိအားပေးခြင်းဖြစ်ကြောင်း အကဲခတ်များက သုံးသပ်ထောက်ပြကြသည်။
ဓာတ်ပုံ-MOI