ဧရာ၀တီတိုင်းမ်
ဇွန် ၅ ရက်
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ပြည်တွင်းစစ်တွေနဲ့ ရုန်းကန်နေရတာ အခုဆို ၅ နှစ်ထဲ ရောက်လာခဲ့ပါပြီ။ ဒါပေမဲ့ အခုအချိန်မှာတော့ အာရှဒေသမှာ အမှန်တရားအသစ်တစ်ခု ပေါ်ပေါက်လာပါ တယ်။ အဲ့ဒါကတော့ နိုင်ငံတကာအစိုးရတွေက မြန်မာ့နိုင်ငံရေးအခြေအနေကို ဘယ်လိုပဲ သဘောမကျ သည်ဖြစ်စေ မြန်မာနိုင်ငံကို လျစ်လျူရှုထားလို့ မရတော့ဘူးဆိုတဲ့ အချက်ပါပဲ။
ရွေးတုသမ္မတ မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်ဟာ သာမန်သံတမန်ရေးအမြင်ထက် ပိုမိုနက်ရှိုင်း ပြီး ဒေသတွင်း ပထဝီနိုင်ငံရေးရဲ့ အလှည့်အပြောင်းသစ်ကို ပြသနေတာ ဖြစ်ပါတယ်။ အစတုန်းကတော့ နိုင်ငံတကာက ဖိအားပေးရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ပွင့်လာလိမ့်မယ်လို့ တခြားနိုင်ငံတွေက မျှော် လင့်ခဲ့ပေမဲ့ အခု သူတို့တွေ ပိုပြီးလက်ခံရခက်တဲ့ အမှန်တရားတစ်ခုကို ရင်ဆိုင်နေရပါပြီ။ အဲ့ဒါကတော့ နိုင်ငံရေးဝါဒတွေထက် ပထဝီဝင်အနေအထားက ပိုပြီး အသက်ရှည်တယ်ဆိုတဲ့ အချက်ပါပဲ။
အိန္ဒိယအတွက် မြန်မာနိုင်ငံဟာ အဝေးက အိမ်နီးချင်းမဟုတ်ဘဲ ထိစပ်နေတဲ့ မဟာဗျူဟာ မြောက် အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံ ဖြစ်ပါတယ်။ နိုင်ငံနှစ်ခုကြားမှာ ရှည်လျားပြီး အကာအကွယ်မရှိတဲ့ နယ်စပ်စည်းရိုး ရှိနေတာကြောင့် မြန်မာနိုင်ငံ မတည်ငြိမ်ရင် အိန္ဒိယအရှေ့မြောက်ပိုင်း ပြည်နယ်တွေရဲ့ ရွှေ့ပြောင်းအခြေချမှု၊ လုံခြုံရေး၊ သူပုန်နှိမ်နင်းရေးနဲ့ နယ်စပ်ကုန်သွယ်ရေးတွေကို တိုက်ရိုက် ထိခိုက်စေပါ တယ်။ ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ ဒေသတွင်းမဟာဗျူဟာကို အလေးအနက် စဉ်းစားမယ်ဆိုရင် မြန်မာနိုင်ငံကို သံတမန်ရေးအရ ဖယ်ကြဉ်ထားလို့ လုံးဝ မရနိုင်တော့ပါဘူး။
အိန္ဒိယအနေနဲ့ အခုလို ဒီမိုကရေစီစံနှုန်းတွေနဲ့ မိမိနိုင်ငံရဲ့ မဟာဗျူဟာမြောက် လိုအပ်ချက်ကြား မျှတအောင် ချိန်ညှိလုပ်ဆောင်ရတာ ဒါဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ စစ်အေးတိုက်ပွဲကာလ နဲ့ အဲ့ဒီနောက်ပိုင်းတွေမှာလည်း အိန္ဒိယအစိုးရအဆက်ဆက်ဟာ နိုင်ငံတော်အကျိုးစီးပွားက တောင်းဆို လာရင် ဘယ်လိုနိုင်ငံရေးစနစ်ရှိတဲ့ အစိုးရမျိုးနဲ့မဆို ဆက်ဆံခဲ့ကြတာပါပဲ။
မြန်မာ့အရေးမှာလည်း အလားတူပဲ ဗျာများစရာ ဖြစ်နေတာပါ။ အားလုံးပါဝင်တဲ့ နိုင်ငံရေးစနစ်နဲ့ ပြန်လည်သင့်မြတ်ရေး ရှိရမယ်လို့ လူသိရှင်ကြား အလေးပေးပြောဆိုဖို့က အရေးကြီးတာမှန်ပေမဲ့ အိန္ဒိယ အနေနဲ့ ဖြစ်ပေါ်လာမယ့် ရလဒ်တွေအပေါ် ဘေးကနေ ဝေဖန်ရုံတင်မကဘဲ တကယ်ပဲ လွှမ်းမိုးမှုရှိချင် တယ်ဆိုရင် မြန်မာနဲ့ လက်တွဲလုပ်ဆောင်ဖို့က ရှောင်လွှဲလို့မရတဲ့ အခြေအနေ ဖြစ်လာပါပြီ။ နောက်ကွယ် မှာ ပိုပြီးကြီးမားတဲ့ ပထဝီနိုင်ငံရေး တွက်ချက်မှုတစ်ခုလည်း ရှိနေပါသေးတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ တရုတ်နိုင်ငံဟာ အခြေခံအဆောက်အအုံ စီမံကိန်းတွေ၊ စွမ်းအင် စင်္ကြံလမ်းတွေနဲ့ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေကတစ်ဆင့် မြန်မာနိုင်ငံထဲမှာ ခြေကုပ်ပိုကျယ် လာခဲ့တာပါ။ တရုတ်အစိုးရအတွက်ဆိုရင် မြန်မာနိုင်ငံဟာ ဘင်္ဂလားပင်လယ်အော်ကို ထွက်ပေါက်ရစေ မယ့်အပြင် အရှေ့ဘက်က ပင်လယ်ရေကြောင်း ပိတ်ဆို့မှုအန္တရာယ်တွေကို လျှော့ချပေးနိုင်တဲ့ တန်ဖိုးရှိတဲ့ လမ်းကြောင်းသစ်တစ်ခု ဖြစ်နေလို့ပါပဲ။
တခြားအင်အားကြီးနိုင်ငံတွေသာ လက်ရှောင်လိုက်ရင် အဲ့ဒီနေရာမှာ ဟာကွက်ဖြစ်ပြီး အကြာကြီး လွတ်နေမှာမဟုတ်ပါဘူး။ အိန္ဒိယရဲ့ တုံ့ပြန်ပုံကလည်း ဒီအမှန်တရားပေါ်မှာ ပိုပြီး အခြေခံလာတာ တွေ့ရ ပါတယ်။ မြန်မာနိုင်ငံနဲ့ လက်တွဲလုပ်ဆောင်တာဟာ အခုဆိုရင် နယ်စပ်စီမံခန့်ခွဲမှု သက်သက်တင် မဟုတ် တော့ဘဲ အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ ဒီဒေသတွင်းမှာ မိမိရဲ့ မဟာဗျူဟာ မြောက် နယ်ပယ်ကို ထိန်းသိမ်းဖို့အတွက် ဖြစ်လာပါပြီ။
တွက်ချက်ပုံကတော့ ရိုးရိုးလေးပါပဲ။ မြန်မာကို ဝိုင်းပယ်ထားလိုက်ရင် ကိုယ့်ဘက်က ကိုယ်ကျင့် တရားပိုင်းအရ စိတ်ကျေနပ်မှု ရနိုင်ကောင်းပေမဲ့ လက်တွေ့မှာတော့ ဘာဩဇာလွှမ်းမိုးမှုမှ ရှိလာမှာမ ဟုတ်ပါဘူး။ အပြန်အလှန် ဆွေးနွေးတာ၊ စီးပွားရေးအရ ချိတ်ဆက်တာနဲ့ လုံခြုံရေးအရ ပူးပေါင်းဆောင် ရွက်တာတွေက ဘယ်လောက်ပဲ အားနည်းချက် ရှိနေပါစေဦးတော့ ဘေးဖယ်နေတာထက်စာရင် ကိုယ့် ဘက်က အသာစီးရမယ့် အခွင့်အလမ်းကို ပိုပြီး ပေးစွမ်းနိုင်လို့ပါပဲ။
အပြောင်းအလဲဖြစ်နေတဲ့ နိုင်ငံတကာ အခြေအနေတွေကလည်း ဒီလမ်းကြောင်းကို ပိုပြီး တွန်း အားပေးနေပါတယ်။ အနောက်အုပ်စုရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့ သံတမန်ရေး ဖိအားတွေဟာ မြန်မာ့နိုင်ငံ ရေး လမ်းကြောင်းကို အခြေခံကျကျ ပြောင်းလဲမပစ်နိုင်ခဲ့ပါဘူး။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့အာရုံစိုက်မှု တွေကလည်း တခြားသော ပဋိပက္ခတွေဆီကို ရောက်သွားခဲ့ပါပြီ။
ပြင်ပဖိအားတွေ လျော့နည်းလာတာနဲ့အမျှ ဒေသတွင်းနိုင်ငံတွေဟာ မြန်မာပြည်တွင်းစစ်ရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ပိုပြီး တာဝန်ယူလာရပါတယ်။ ဒါဟာ ဒီ မိုကရေစီ၊ လူ့အခွင့်အရေး ဒါမှမဟုတ် နိုင်ငံရေးလွတ်လပ်ခွင့်တွေအပေါ် စိုးရိမ်ပူပန်မှုတွေ ပျောက်ပျိုးသွား ပြီလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အစိုးရတွေအနေနဲ့ မျှော်မှန်းထားတဲ့ ရေရှည်ရည်မှန်းချက်တွေနဲ့ လက်ရှိရင် ဆိုင်နေရတဲ့ အရေးပေါ် မဟာဗျူဟာမြောက် လိုအပ်ချက်တွေကို သီးခြားစီ ခွဲခြားပြီး ပိုမိုကိုင်တွယ်လာကြ တာကို ပြနေတာ ဖြစ်ပါတယ်။
သင်ခန်းစာကတော့ ရှင်းပါတယ်။ အာရှရဲ့ ပထဝီနိုင်ငံရေး အခင်းအကျင်းဟာ အပေါ်ယံပြသမှုတွေ ထက် လက်တွေ့ကျတဲ့ အကျိုးမျှော်ဝါဒက ပိုပြီး လွှမ်းမိုးလာတဲ့ အဆင့်ကို ရောက်ရှိလာနေပါပြီ။ မြန်မာ နိုင်ငံရဲ့ အနာဂတ်ကတော့ မရေမရာ ဆက်ဖြစ်နေဦးမှာ ဖြစ်ပေမဲ့ ကောက်ချက်တစ်ခုကတော့ ထင်ရှားနေ ပါပြီ။ အဲ့ဒါကတော့ ဒေသတွင်း အင်အားကြီးနိုင်ငံတွေဟာ သူတို့ ဖြစ်စေချင်တဲ့ အစိုရမျိုးထက် လက်ရှိ တ ကယ်ရှိနေတဲ့ အစိုးရနဲ့ပဲ အံဝင်ခွင်ကျဖြစ်အောင် ညှိနှိုင်းဆောင်ရွက်နေကြပြီဆိုတဲ့ အချက်ပါပဲ။ အိန္ဒိယအ တွက် အခုလို ညှိနှိုင်းလုပ်ဆောင်လာတာဟာ ထောက်ခံအတည်ပြုတာမျိုးထက် လက်ရှိမြေပြင် အမှန်တ ရားကို လက်ခံလိုက်ရခြင်းပဲ ဖြစ်ပါတယ်။
The Statesman ဝဘ်ဆိုဒ်မှာ ဇွန်လ ၄ ရက်က ဖော်ပြထားတဲ့ Accepting reality ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
(ယခုဆောင်းပါးသည် အိန္ဒိယအခြေစိုက် The Statesman သတင်းစာ၏ အာဘော်ဖြစ်ပြီး မြန်မာ့မြေပြင်တွင် တော်လှန်ရေးတပ်ဖွဲ့များက အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများနှင့် ကုလားတန်စီမံကိန်းနယ်မြေများကို စိုးမိုးထားသည့် အခင်းအကျင်းကြားမှ အိန္ဒိယအစိုးရ၏ ကိုယ်ကျိုးစီးပွားအခြေခံ ပထဝီနိုင်ငံရေး တွက်ချက်ပုံကို ရှုမြင်နိုင်ရန် ဖော်ပြခြင်း ဖြစ်ပါသည်)