ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ မြစ်ကျိုးကျေးရွာအနီးရှိ ငဝန်မြစ်ရေကာတာ (ငဝန်တာ) ကျိုးပေါက်ခဲ့သည်မှာ ၁ လကျော် (၃၆ ရက်ခန့်) ရှိပြီဖြစ်ရာ အဆိုပါ ရေဝင်လမ်းကြောင်းနေရာကို ဧရာ ရွှေဝါကုမ္ပဏီက လှူဒါန်းသော CB တွဲခွံအတွင်း သဲနှင့် ကျောက်များထည့်၍ နစ်မြှုပ်ပိတ်ဆို့ လိုက်ကြောင်း ဧရာ၀တီတိုင်းရွေးတုအစိုးရထံမှ သိရသည်။
ငဝန်တာ၏ အလျား ပေ ၇၀ နှင့် ရေအနက် ပေ ၄၀ ရှိ ရေဝင်ပေါက် လမ်းကြောင်းကို ပိတ်ဆို့နိုင်ရန် အတွက် အတိုင်းအတာ ၈၀ ပေ × ၁၈ ပေ × ၉ ပေ ရှိသော Cargo Barge (CB) တွဲခွံကြီးအတွင်း သဲနှင့် ကျောက်များ ပြည့်နှက်စွာထည့်၍ ရေစီးရေလာ ထိန်းချုပ်ရန် ကြိုတင်ရိုက်ခတ် ထားသည့် Sheet Pile များအနောက်တွင် နစ်မြှုပ်ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ Sheet Pile များ၏ အနောက်မှ အားဖြည့် နစ်မြှုပ်ပိတ်ဆို့လိုက်သောကြောင့် ရေတိုက်စားမှုနှင့် ရေတိုးဝင်မှုကို တားဆီးနိုင်မည်ဖြစ်ပြီး ကျန်ရှိသော ရေဝင်လမ်းကြောင်း အပြီးသတ် ပိတ်ဆို့ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေသဖြင့် မကြာခင် ရာနှုန်းပြည့် ပြီးမြောက်မည်ဟု ရွေးတု အစိုးရက ဆိုထားသည်။
အဆိုပါ တွဲခွံကြီးကို မော်လမြိုင်ကျွန်းမြို့နယ်မှ လေးမျက်နှာမြို့အထိ သယ်ယူရွှေ့ပြောင်းခဲ့ရခြင်း ဖြစ်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ငဝန်တာ ကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ် ရပ်ကွက်များအပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်း ချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်း စသည့် အနီးဝန်းကျင် မြို့နယ်များအထိ ရေကြီးရေလျှံမှုများ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင်ခဲ့ပြီး တစ်လကျော်အကြာတွင် လေးမျက်နှာမြို့ရှိ အချို့နေရာများ၌ ရေပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ငဝန်တာ ကျိုးပေါက်၍ ရေကြီးရေလျှံမှု ၁ လကျော်ကြာမြင့်လာခြင်းကြောင့် လေးမျက်နှာ၊ ဟင်္သာတနှင့် ရေကြည်မြို့နယ်တို့ရှိ စိုက်ပျိုးပြီး မိုးစပါး စိုက်ဧက သောင်းနှင့်ချီ၍ ရေအောက်တွင် အချိန်ကြာမြင့်စွာ နစ်မြှုပ်ခဲ့ပြီး ပျက်စီမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ထို့ပြင် ရေပြန်ကျသွားသည့်တိုင်အောင် စိုက်ပျိုးရာသီ နောက်ကျသွားခြင်း၊ စပါးမျိုးစေ့ အခက်အခဲနှင့် ပြန်လည် စိုက်ပျိုးစရိတ် မြင့်မားမှုတို့ကြောင့် အရင်းအနှီး ဆုံးရှုံးမှုကြီးမားနိုင်ကြောင်း တောင်သူများထံမှ သိရသည်။
ဓာတ်ပုံ – ရွေးတုအစိုးရ