ဧရာတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ ငမိုးရိပ် ရေလှောင်တမံ ရေပိုလွှဲမှ ရေ ၂ ပေကျော် လျှံကျလာမှုကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ ရေဝေရေလဲ ဧရိယာအနီးမှ ရပ်ကွက်၊ ကျေးရွာများထဲသို့ ရေများ စတင်တိုးဝင် ရေကြီးနေသည့်အပြင် ပဲခူးမြို့တွင်လည်း လူဦးရေ ၁,၀၀၀ ကျော် ရေဘေးလွတ်ရာသို့ ရှောင်တိမ်းနေရကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် ယမန်နေ့ စက်တင်ဘာ ၃ ရက်မှစတင်ကာ တမံရေပိုလွှဲ ရေလျှံမှုကြောင့် ရေဝေရေလဲ ပတ်ဝန်းကျင်ရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း ရေကြီးရေလျှံမှု စတင်ခံစားနေရပြီး ဒေသခံ လူမှုကူညီရေးအသင်း များက ထမင်းထုပ်နှင့် သောက်ရေသန့်များ လိုက်လံဝေမျှပေးနေရသည်။
“လှည်းကူး မြို့ပေါ်တော့ ရေမရောက်ပါဘူး။ ဒေသခံ လူမှုကူညီရေးအသင်းတွေနဲ့ ရေကြီးနေတဲ့ ရပ်ကွက်တွေမှာ ထမင်းထုပ်နဲ့ ရေသန့် လိုက်ဝေတယ်။ အစားအစာခြောက်လည်း ပါပါတယ်။ မိုးမရွာရင်တော့ ရေပြန်ကျသွားနိုင်တယ်။ မိုးထပ်များမယ်ဆိုရင်တော့ ရေနည်းနည်း ပိုတက်လာဦးမယ်” ဟု လှည်းကူးဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလားတူ ပဲခူးမြို့တွင်လည်း ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ရန်ကုန်-ပဲခူး လမ်းမကြီးပေါ်နှင့် အနိမ့်ပိုင်း ရပ်ကွက်များဖြစ်သည့် ကျောက်ကြီးစု၊ မြို့သစ်၊ ရွာသစ်၊ ဇိုင်းဂနိုင်း မြောက်ပိုင်းရပ်ကွက်များအတွင်း ရေတိုးဝင်လာသဖြင့် ရေဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည့် အိမ်ထောင်စု ၂၇၀၊ လူဦးရေ ၁,၁၆၈ ဦးအထိ ရှိလာကြောင်း ရွေးတုအစိုးရ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၏ ယနေ့ ၄ ရက် နံနက်ပိုင်း တိုင်းတာချက်အရ မိုးရွာသွန်းမှု များပြားခဲ့သဖြင့် ငမိုးရိပ်တမံ ရေပိုလွှဲမှ ရေ ၂ ပေ ဒသမ ၂၀ လက်မကျော်လွန်နေပြီး ရေထု စီးဆင်းမှုနှုန်းမှာ ၁,၇၆၀ Cusec(ကျူဆက်) ရှိကြောင်း သိရသည်။ ထို့ပြင် မဟူရာတမံ ရေပိုလွှဲမှလည်း ရေ ၁ ဒသမ ၄၀ လက်မ ကျော်လွန်နေကာ စီးဆင်းနှုန်း ၁၅၄ Cusec ရှိနေပြီး ပေါင်းလင်းတမံမှာမူ ရေပြည့်အမှတ်ရောက်ရန် ၄ ဒသမ ၈၀ ပေ လိုအပ်နေသေးကြောင်း ဖော်ပြထားသည်။
မုတ်သုံလေနှင့် မိုးတိမ်တောင် အားကောင်းမှုကြောင့် လာမည့်ရက်ပိုင်းအတွင်း ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ)က ထုတ်ပြန်ထားရာ ရေကြီးမှု အခြေအနေမှာ မိုးရွာသွန်းမှုအပေါ် မူတည်၍ ဆက်လက် ရှိနေဦးမည် ဖြစ်သည်။
ဓာတ်ပုံ – ဆည်မြောင်း၊ လူမှုကူညီရေးအသင်း