ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

 

ချင်းပြည်သူ့အစည်းအရုံး (CPU) ထိန်းချုပ်ထားသော ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ရွေးတုအစိုးရ စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ အသက်ကြီးပိုင်း အရပ်သား ဇနီးမောင်နှံနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

မကွေးတိုင်း၊ ကျောက်ထုအခြေစိုက် အမြောက်တပ်ရင်းသည် ယနေ့ စက်တင်ဘာ ၄ ရက်၊ နံနက်ပိုင်းက လက်နက် ကြီးဖြင့် ပစ်ခတ်ခဲ့ပြီး အဆိုပါကျည်သည် မင်းတပ်မြို့နယ်ရှိ ဥယာဥ်ခြံတွင် ကျရောက် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

 

“လင်မယားနှစ်ယောက် လမ်းထွက်လျှောက်ကြတဲ့ချိန် စစ်သားတွေ ပစ်တဲ့ လက်နက်ကြီးကျည် ထိတာ ပါ။ သူတို့နှစ်ယောက်က ဥယာဥ်ခြံထဲမှာနေတာ။ အသက်ရွယ်ကလည်း ၆၀ ရှိပြီ။ သူတို့ အရင်ခေတ် ကောင်းကတည်း ကနေ ခြံထဲမှာဘဲ နေကြတာပါ” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရတပ်သည် ကျောက်ထုမြို့မှတဆင့် ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့၊ ညနေပိုင်း မှစတင်၍ မင်းတပ်မြို့ပေါ် နှင့် မြို့အနီးအနားဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီး ကျည်များ ရမ်းသန်းပစ်ခတ်နေခြင်းဖြစ်သည်။

 

“မင်းတပ်ဘက်ကို လက်နက်ကြီးကျည်တွေ ရမ်းသန်းပစ်တာက မနေ့ ညကတည်းက စပစ်တာပါ။ ဒီမနက်မှာလည်း မနက်ပိုင်းကစပြီး နေ့လယ်လောက်ထိ ပစ်နေသေးတယ်”ဟု မင်းတပ်ဒေသခံက ဆက်လက် ပြောကြားသည်။

 

ထို့အပြင် ယမန်နေ့ ညနေ ၅ နာရီဝန်းကျင်တွင်လည်း မင်းတပ်မြို့အရှေ့ဘက်ခြမ်းကို ရွေးတုအစိုးရ စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။

 

ပုံစာ- စစ်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်သည့်နေရာ။