ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပေါ်ရှိ စစ်တပ်၏ လက်နက်ကြီးစခန်း အနည်းဆုံး ခုနစ် နေရာ၊ သံချပ်ကာ တင့်ကား နှစ်စီးနှင့် ပင်လယ်ပြင်ရှိ စစ်သင်္ဘောများပေါ်မှ ပုဏ္ဏားကျွန်း၊ စစ်တွေနှင့် ရသေ့တောင် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်တိုက်ခိုက် လျက်ရှိကြောင်း အာရက္ခအမျိုးသားအဖွဲ့ချုပ် (ULA/AA) က ယနေ့ စက်တင်ဘာ ၄ ရက် တွင် ထုတ်ပြန်သည်။
စစ်တွေမြို့ရှိ စစ်တပ်စခန်းများမှ အနီးဝန်းကျင်ကျေးရွာများသို့ ယနေ့ စက်တင်ဘာ ၄ရက် နံနက် ၁၀ နာရီဝန်းကျင်မှစ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် မွန်းလွဲ ၁၂နာရီခန့်တွင်လည်း ဂွနှင့် ငပလီကမ်းခြေဘက်သို့ ထပ်မံပစ်ခတ်ခဲ့သည်။
ထို့အပြင် ယမန်နေ့ စက်တင်ဘာ ၃ ရက်၊ နံနက်ပိုင်းကလည်း သံတွဲခရိုင်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ပုန်းညှက်ကမ်းခြေ၊ စေတီကွင်းကမ်းခြေနှင့် ဂွ၊ ကျိန္တလီကမ်းခြေတစ်လျှောက်ကို ပင်လယ်ပြင်ရှိ စစ်သင်္ဘောများမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

ရွေးတုအစိုးရ စစ်တပ်သည် ယမန်နေ့ စက်တင်ဘာ ၃ရက်၊ နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က ဂျက်တိုက် လေယာဉ် လေး စီးဖြင့် စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်အတွင်းရှိ ကွမ်းတောင်၊ ကုန်းတန်းကြီး၊ မက္ကလာကျ၊ ညိုရောင်၊ မင်းလှ၊ မိုးဇဲကမ်း၊ ညောင်ပင်ကြီး မူဆလင်ရွာနှင့် ရခိုင်ရွာ စသည့် ကျေးရွာများသို့ မိနစ် ၃၀ ခန့် လှည့်ပတ်ဗုံးကြဲခဲ့သည်။
စစ်တပ်သည် ပြီးခဲ့သည့် ဩဂုတ်လအတွင်းတွင်သာမကဘဲ ယခု စက်တင်ဘာလဆန်းပိုင်းအထိ အပြစ်မဲ့ အရပ်သားပြည်သူများ စေတီပုထိုးများ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများကို ဦးတည်ကာ လေ ကြောင်း၊ ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် အဆင်ခြင်မဲ့ ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထို့ကြောင့် မြို့၊ ရွာအသီးသီးရှိ ပြည်သူများအနေဖြင့် စစ်တပ်၏ လေကြောင်း၊ ရေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်နိုင်သည့် စစ်ဘေးအန္တရာယ်များကို အချိန်ပြည့် အထူးသတိပြုကြရန်၊ လေကြောင်း အချက်ပြမှုများကို သတိထားစောင့်ကြည့်၍ အချင်းချင်း သတိပေးနှိုးဆော်ကာ ဘေးလွတ်ရာတွင် သတိကြီးစွာဖြင့် နေထိုင်ကြရန် ULA က ထပ်မံအသိပေး တိုက်တွန်းထားသည်။
ဓာတ်ပုံ-စစ်အုပ်စု(ပုံဟောင်း)