ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
ရန်ကုန်တိုင်း အပါအဝင် လူငယ်များကို စစ်မှုထမ်းရန်အတွက် စစ်တပ်နှင့် အောက်ခြေအာဏာပိုင်များက အဓမ္မပေါ်တာဆွဲ ဖမ်းဆီးရောင်းစားသည့် ကိစ္စရပ်များ မြေပြင်တွင် ဆက်တိုက် ဖြစ်ပွားနေပြီးမှ ရွေးတု အစိုးရ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့က တိုင်းပြည်အတွင်း လူကုန်ကူးမှုများ တိုက်ဖျက် နေကြောင်း ဟန်ပြ ထုတ်ပြန် လာသည်ကို တွေ့ရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်သည့် ရွေးတုအစိုးရ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေက လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသား ရေးတာဝန်အဖြစ် မူဝါဒ၊ ဥပဒေနှင့် တရားစွဲဆိုရေးတို့ဖြင့် ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သော်လည်း စစ်တပ်ကိုယ်တိုင် တပ်အင် အားဖြည့်တင်းရန်အတွက် မြို့ပြအတွင်းမှ လူငယ်များကို ပေါ်တာဆွဲ ၊ အဓမ္မဖမ်းဆီး ချုပ်နှောင်ရောင်းစားနေသည့် အဆိုးရွားဆုံး လူကုန်ကူးမှု ကိစ္စရပ်များကိုမူ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပေ။
မြေပြင်တွင်မူ စစ်တပ်၏ စစ်မှုထမ်း တပ်သားသစ် ရရှိရေး ညွှန်ကြားချက်များကြောင့် ရန်ကုန်တိုင်း အတွင်း ရွှေပြည်သာ၊ အင်းစိန်၊ သန်လျင် စသည့် မြို့နယ် ကိုး မြို့နယ်တွင် လူငယ် ၂၆ ဦးထက်မနည်း ပေါ်တာဆွဲ ဖမ်းဆီးခံထားရပြီး လမ်းမပေါ် သွားလာစဉ်နှင့် အလုပ်အင်တာဗျူး အကြောင်းပြ၍ မျှားခေါ် ဖမ်းဆီးခံရသူများ ဖြစ်ကြသည်။

ထို့အပြင် ရန်ကုန်မြို့တွင် သာမန်ပြည်သူလူထုသာမက အားကစားသမားများအထိပါ အဆိုပါ ဖမ်းဆီး မှုများ ကျယ်ပြန့်လာနေပြီး Gold Dream FC နှင့် MFF Futsal League တွင် ကစားနေကြသည့် လူငယ်ဘောလုံးသမား ၂ ဦးဖြစ်သော စွမ်းထက်ကျော် (၁၈ နှစ်၊ ကျောနံပါတ် ၁၁) နှင့် သီဟအောင် (၂၁ နှစ်၊ ကျောနံပါတ် ၁၇) တို့သည် ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်ကတည်းက ပွဲစဉ်ကစားရန် သွားရောက် စဉ်အတွင်း ပျောက်ဆုံးသွားခဲ့ကာ လက်ရှိအချိန်ထိ အဆက်အသွယ် မရရှိတော့ဘဲ မိသားစုနှင့် အသင်း ဘက်မှ စုံစမ်းရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။
ထို့အတူ အောက်ခြေအာဏာပိုင်များ၏ လူကုန်ကူး စီးပွားရှာမှုများလည်း ဖြစ်ပွားလျက်ရှိရာ ရွှေပြည်သာမြို့နယ်တွင် အရံမီးသတ်အရာရှိတစ်ဦးက မိမိနေအိမ်၌ အချုပ်ခန်းပြုလုပ်၍ လူငယ် လေး ဦးကို မတရား ဖမ်းဆီးချုပ်နှောင်ထားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သလို စစ်တပ်အရာရှိ အမည်ခံ၍ ဖမ်းဆီးခံရသူများ၏ မိသားစုထံမှ ငွေကြေး လိမ်လည်တောင်းခံမှုများပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ် နေသည်။
ရွေးတုအစိုးရ စစ်တပ်သည် အမှတ်စဉ် (၂၆) မှစတင်၍ စစ်မှုထမ်း တပ်သားသစ် ရရှိရေးအတွက် အောက်ခြေအဆင့်ဆင့်အထိ ကြပ်မတ်ဆောင်ရွက်ရန် ညွှန်ကြားထားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ လမ်းပေါ်မှ လူငယ်များ၊ အလုပ်သွားရောက် လျှောက်ထားသူများနှင့် အားကစားသမား လူငယ်များအထိ အဓမ္မ ဖမ်းဆီးရောင်းစားသည့် လူကုန်ကူးမှု ရာဇဝတ်မှုများကို ဗဟိုပြုကျူးလွန်လာနေခြင်း ဖြစ်သည်။
ဓာတ်ပုံ-ရွေးတုအစိုးရ ၊ ပသစ