‎ဧရာဝတီတိုင်းမ်
‎စက်တင်ဘာ ၄ ရက်

‎ရခိုင်နှင့် မကွေးတိုင်းအစပ် ရိုးတောင်ကျော်လမ်းပိုင်းများနှင့် နတ်ရေကန်ဗျူဟာအနီးတွင် အာရက္ခတပ် တော် (AA) နှင့် ရွေးတုအစိုးရစစ်တပ်တို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။

AA သည် ‎နတ်ရေကန်စခန်းသို့ အင်အားဖြည့်တင်းရန် တက်လာသည့် စစ်တပ် စစ်ကြောင်းကို ပြီးခဲ့သည့် ဩ ဂုတ် ၃၁ ရက်နေ့က ပဇီကျေးရွာ လမ်းဟောင်းအနီးတွင် လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှု များပြားခဲ့သည်။

‎”ပဇီမှာ တက်လာတဲ့စစ်ကြောင်း အကြီး၊ အသေး လက်နက်စုံနဲ့တိုက်ခံရတယ်။ ဒရုန်းတွေနဲ့ရောတိုက်လို့ အသေအပျောက်များတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎အဆိုပါဒေသတွင် စက်တင်ဘာ ၂ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကာ သေဆုံး ဒဏ်ရာရ တပ်ဖွဲ့ဝင်များကိုလည်း စစ်တပ်က ဆုံကုန်း အမြောက်တပ်ဘက်သို့ သယ်ယူသွားကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်နှင့် ၁၉ ရက်နေ့များကလည်း နတ်ရေကန်ကို ထိုးစစ်ဆင်တက်သည့် စစ်ကြောင်းများ တိုက်ခိုက်ခံခဲ့ရပြီး ပဇီနှင့် ဂုတ်ကြီးရှိ စခန်းအချို့ လက်လွှတ်ခဲ့ရကာ စစ်တပ်ဘက်မှ အင်အား ၁၀၀ ခန့် ပြုန်းတီးခဲ့ကြောင်း သိရသည်။

‎မင်းတုန်းမြို့နယ် အနောက်ခြမ်း သဖန်းရောင်ဘက်မှ မအီ-အမ်းတလိုင်းတောင်သို့ ဆက်သွယ်ထားသည့် ရိုးတောင်ကျော်လမ်းပိုင်းတွင်လည်း တိုက်ပွဲအရှိန် မြင့်တက်နေသည်။

စစ်တပ်သည် မင်းတုန်းဘက်မှတစ်ဆင့် စစ်ကားများဖြင့် စစ်ကူအင်အား ထပ်မံဖြည့်တင်းခဲ့ပြီး မူလရှိရင်းစွဲ အင်အားများနှင့် ပူးပေါင်းကာ သဖန်းရောင်၊ ပြောင်း ကျေးရွာများဘက်မှတစ်ဆင့် ရိုးတောင် ပေါ်သို့ ထိုးစစ်ဆင်လျက်ရှိသည်။