ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်
ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့ရှိ ကလေးဆေးရုံကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ အမိန့်ပေးခဲ့သူ ရုရှား ဗိုလ်ချုပ်ကြီးတစ်ဦး ရုရှားနိုင်ငံ ဆာရာတော့ဗ်ဒေသမှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဆာရာတော့ဗ်ဒေသ၊ အန်ဂဲလ်စ်မြို့မှာ စစ်မှုထမ်းတစ်ဦး သေနတ်ဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခံရမှုနဲ့ ပတ်သက်လို့ လူသတ်ရန် ကြံစည်မှုဖြင့် စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ရုရှား စုံစမ်းစစ်ဆေးရေး ကော် မတီက ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပေမဲ့ ပစ်ခတ်ခံရသူ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ပြော ဆိုခြင်း မရှိပါဘူး။
ရုရှား Telegram ချန်နယ်တွေရဲ့ ဖော်ပြချက်အရ ပစ်ခတ်ခံရသူမှာ ရုရှား လေကြောင်းနှင့် အာကာ သတပ်ဖွဲ့ ဗျူဟာမှူး ဗိုလ်ချုပ်ကြီး နီကိုလိုင်းဗာပါခိုးဗစ်ချ် ဖြစ်တယ်လို့ သိရပါတယ်။

နီကိုလိုင်းဗာပါခိုးဗစ်ချ်မှာ သေနတ်ဒဏ်ရာတွေ ရရှိခဲ့ပေမယ့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ရကာ နောက်ပိုင်းမှာ မျက်နှာနဲ့ ခန္ဓာကိုယ်ဒဏ်ရာတွေကို ကုသဖို့ သူ့ကို မော်စကိုမြို့ သို့ လေကြောင်းနဲ့ ပို့ဆောင်လိုက်ရပါတယ်။
အန်ဂဲလ်စ်မြို့ဟာ ယူကရိန်းကို ခရုစ်ဒုံးကျည်တွေ ပစ်ခတ်ရာမှာ အသုံးပြုတဲ့ ရုရှားရဲ့ Tu-95MS နဲ့ Tu-160 စတဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်တွေ အခြေစိုက်ရာ မြို့တစ်မြို့ ဖြစ်ပါတယ်။
ယခုပစ်ခတ်မှုနှင့် ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားရဲ့ လုပ်ရပ်တွေကို တုံ့ပြန်မှု အဖြစ် ယူကရိန်းက တိုက်ရိုက်မဟုတ်သော တုံ့ပြန်စစ်ဆင်ရေးတွေ ပြုလုပ်မယ်လို့ အရိပ်အမြွက်ပြောပါ တယ်။
ဗိုလ်ချုပ်ကြီး ဗာပါခိုးဗစ်ချ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ကိယက်ဗ်မြို့ရှိ Okhmatdyt ကလေး ဆေးရုံကို Kh-101 ခရုစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ အမိန့်ပေးခဲ့မှုကြောင့် စစ်ရာဇဝတ်မှုဖြင့် ယူကရိန်းရဲ့ တ ရားစွဲဆိုမှုကို ခံထားရသူ ဖြစ်ပါတယ်။
ဆေးရုံတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် လူ ၃ ဦး သေဆုံးခဲ့ရပြီး ဒါဇင်ပေါင်း များစွာ ဒဏ်ရာရရှိခဲ့သလို စစ်ဆင်ရေးနှင့် ကင်ဆာကုသဆောင် အပါအဝင် ဌာနအတော်များများ ပျက်စီးခဲ့ ပါတယ်။
ဗိုလ်ချုပ်ကြီး ဗာပါခိုးဗစ်ချ်ဟာ အဆိုပါ ကလေးဆေးရုံ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့မှုကြောင့် ဥရောပ သမဂ္ဂ (EU) နဲ့ အခြားနိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုကိုလည်း ခံထားရသူ ဖြစ်ပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ရုရှား ထိပ်တန်းစစ်ဘက် အရာရှိကြီးတွေ ဆက်တိုက် လုပ်ကြံခံနေရ ပြီး ဒီဖြစ်စဉ်ဟာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အရေးပါသော လုပ်ကြံရန် ကြံစည်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
ကိုးကား – India Today
Ref; Russian general accused in Kyiv hospital strike shot in Saratov