ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၄ ရက်

နယူးယောက်မြို့တော်ရှိ အစိုးရကျောင်းများမှ မူလတန်းနဲ့ အလယ်တန်း ကျောင်းသူကျောင်းသား အများစုကို အေအိုင်နည်းပညာပါဝင်တဲ့ ဆော့ဖ်ဝဲလ်တွေ သုံးစွဲခွင့် ခေတ္တ ပိတ်ပင်မယ်လို့ နယူးယောက်မြို့ တော် အာဏာပိုင်တွေက ပြောပါတယ်။

နယူးယောက်မြို့တော်ဝန် ဇိုရန်မမ်ဒါနီက ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆို လိုက်တာပါ။ ဒီစည်းမျဉ်းဟာ အသက် ၂ နှစ်အရွယ် ကလေးငယ်တွေကနေ ၈ တန်းအထိ မူလတန်းနဲ့ အ လယ်တန်းကျောင်းသားတွေအထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

လာမယ့် ပညာသင်နှစ်ကစပြီး AI နည်းပညာ သုံးစွဲခွင့်ကို ၁ နှစ်ကြာ ပိတ်ပင်မှာဖြစ်ပြီး ဒီလို ပိတ် ပင်လိုက်တာကြောင့် ဘာတွေ သက်ရောက်မှု ရှိလာမလဲဆိုတာကိုလည်း ပြန်သုံးသပ်မယ်လို့ မမ်ဒါနီက ပြောပါတယ်။

ယခုမူဝါဒအရ နယူးယောက်မြို့တော်ရဲ့ လုံခြုံရေး စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင် ဆ ရာ၊ ဆရာမတွေအနေနဲ့ သင်ခန်းစာ ပြင်ဆင်တာနဲ့ ရုံးလုပ်ငန်းဆိုင်ရာကိစ္စတွေမှာ AI ကို ဆက်လက် အသုံး ပြုနိုင်မှာပါ။

ကွန်ပျူတာသိပ္ပံ သင်ယူနေတဲ့ ကျောင်းသားတွေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်း တက်နေတဲ့ အထက်တန်းကျောင်းသားတွေကိုတော့ ဒီပိတ်ပင်မှုကနေ ကင်းလွတ်ခွင့်ပေးထားပါတယ်။

ကလေးတွေအတွက် နေ့စဉ် ဖုန်းကြည့်ရှုချိန် လျှော့ချရေး လမ်းညွှန်ချက်တွေကိုပါ မြို့တော်အာ ဏာပိုင်တွေက အကြံပြုထားပါတယ်။ သုံးတန်းကနေ ငါးတန်းကျောင်းသားတွေအတွက် တစ်ရက်ကို မိ နစ် ၃၀ ထက် screen time မပိုဖို့နဲ့ ခြောက်တန်းမှ ရှစ်တန်းကျောင်းသားတွေအတွက် မိနစ် ၄၅ မိနစ်ထက် မပိုစေဖို့ စည်းကမ်းသတ်မှတ်ထားတာပါ။

မမ်ဒါနီက “AI နည်းပညာဟာ သိပ္ပံရုပ်ရှင် စာအုပ်တွေထဲကနေ ထွက်ပေါ်လာပြီး ကျွန်တော်တို့ ဘ ဝတွေထဲအထိ ရောက်ရှိလာခဲ့တာပါ။ ဒါပေမဲ့ နည်းပညာဟာ နေရာတိုင်းမှာ ရှိနေနိုင်တယ်ဆိုတိုင်း နေရာ တိုင်းနဲ့ သင့်တော်နေတာတော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

ကလေးငယ်တွေ အသိပညာ တိုးတက်လာဖို့နဲ့ လေ့လာသင်ယူနိုင်ဖို့အတွက် ဆရာ၊ ဆရာမတွေရဲ့ သင်ကြားပေးမှုနဲ့ လူသားချင်း ဆက်ဆံရေးတွေကပဲ အဓိက လိုအပ်တာလို့ ၎င်းက ထောက်ပြပါတယ်။

အမေရိကန် နိုင်ငံရေးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Politico က နယူးယောက်မြို့တော်ရဲ့ မူ လတန်းနဲ့ အလယ်တန်း ကျောင်းသားတွေအပေါ် AI အသုံးပြုခွင့် ပိတ်ပင်မှုဟာ အမေရိကန်မှာ အပြင်း ထန်ဆုံး အရေးယူမှုတစ်ခုလို့ ဖော်ပြပါတယ်။

ကိုးကား – NHK
Ref; New York City to ban generative AI for most public school students